မလေးရှားတွင် မြန်မာအလုပ်သမားအမျိုးသမီးတစ်ဦး အော်ပရာစီစီမံချက်ကို ရှောင်တိမ်းရင်း အဆောက်အအုံ ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ကြောင်း မြန်မာလူမူကူညီရေးအသင်း(မလေးရှား)အသင်းက ထုတ်ပြန်သည်။
သေဆုံးသူမှာ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် လှည်းငုတ်ချောင်းကျေးရွာဇာတိမှ မခက်ကေခိုင်(၃၈ နှစ်) ဖြစ်ကြောင်း သိရသည်။
၎င်းမှာ မလေးရှားနိုင်ငံ လက္ကာမြို့တွင်နေထိုင် အလုပ်လုပ်ကိုင်နေခြင်းဖြစ်ပြီး သူမနေထိုင်ရာရပ်ကွက်အတွင်း တရားမဝင်းနေထိုင်ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် အခြားနေအိမ်နှင့် မိမိနေထိုင်ရာ နေအိမ်ကို ဆက်သွယ်ထား သည့် သံချောင်းမှတစ်ဆင့် လမ်းလျှောက်သွားစဉ် ခြေချော်ကာ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ပြုတ်ကျသဖြင့် မလေးရှားနိုင်ငံ မာလက္ကာမြို့ဆေးရုံကြီးတွင် တက်ရောက်ကုသနေစဉ် ဇူလိုင် ၆ ရက်တွင် ကွယ်လွန်ခဲ့ကြောင်း အဆိုပါအသင်းမှ သိရသည်။
ယင်းကြောင့် မိသားစု၏ တောင်းဆိုမှုကြောင့် လိုအပ်သည်များကို စီစဉ်ပြီး ဇူလိုင် ၁၁ ရက်တွင် မလေးရှားနိူင်ငံ ဆလန်းကောပြည်နယ် ကာချမ်းမြို့ ta FOOK funeral service တွင် မေတ္တာပို့သအမျှပေးဝေ ပွဲကျင်းပကာ ဇူလိုင် ၁၂ ရက်တွင် ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဇူလိုင်လပိုင်းမှ စတင်ကာ မြန်မာအပါအဝင် နိုင်ငံခြားသားလုပ်သားအများအပြားနေထိုင်သည့် နေရာများကို မလေးရှားအာဏာပိုင်များ ဆက်တိုက်ဝင်ရောက်စစ်ဆေးပြီး တရားမဝင်လုပ်သားများကို ဖမ်းဆီးနေကြောင်း မလေးရှားမီဒီယာအချို့တွင် ရေးသားဖော်ပြထားသည်။















