ပဲခူးမြို့၊ စက်မှုဇုန် (၂) ရှိ တိရစ္ဆာန်အစာချက်စက်ရုံတစ်ရုံတွင် စက်ရုံလုပ်သား သုံးဦးသေဆုံးမှုဖြစ်ပွား

ပဲခူးမြို့၊ စက်မှုဇုန် (၂) ရှိ တိရစ္ဆာန်အစာချက်စက်ရုံတစ်ရုံတွင် စက်ရုံလုပ်သား သုံးဦးသေဆုံးမှုဖြစ်ပွား
Published 14 July 2026

ပဲခူးမြို့၊ ဥဿာမြို့သစ်၊ (၈) ရပ်ကွက်၊ စက်မှုဇုန် (၂) ရှိ၊ Zhengbang Myanmar (ကျန်းပန်း မြန်မာ) တိရစ္ဆာန်အစာချက်စက်ရုံတွင် စက်ရုံလုပ်သား (၃) ဦးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ ဇူလိုင်လ (၁၃) ရက် ညနေပိုင်းအချိန်က အဆိုပါ Zhengbang Myanmar (ကျန်းပန်း မြန်မာ) တိရစ္ဆာန်အစာချက်စက်ရုံအတွင်းရှိကြက်စာနှင့် ဝက်စာများ အစာစပ်ရာတွင်အသုံးပြုသော ငါးဆီဖြန်း လုပ်ငန်းဆောင်ရွက်နေသည့် အမြင့် (၁၀) ပေခန့်၊ အကျယ် (၈) ပေခန့်၊ အနက် (၁၅) ပေခန့်ရှိ သံထည်လှောင်ကန်အတွင်း ထိုစက်ရုံလုပ်သား (၃) ဦး၏ ရုပ်အလောင်းများအား တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သံထည်လှောင်ကန်အတွင်း သေဆုံးနေကြသည့် စက်ရုံလုပ်သား (၃) ဦးမှာ ဦးအောင်လင်းဦး၊ ဦးချမ်းသာ နှင့် ကိုဝေယံစိုး တို့ဖြစ်ကြောင်း၊ ယမန်နေ့ ဇူလိုင်လ (၁၃) ရက်နေ့ ညနေ (၅) နာရီချိန်ခန့်က ၎င်းတို့အလုပ် လုပ်ကိုင်နေစဉ် စက်ရုံ၏ စက်ပြင်ဆရာဖြစ်သူ ဦးရဲလင်းသူမှ Icon စကားပြောစက်ဖြင့် ဦးအောင်လင်းဦးအား ဆက်သွယ်ခေါ်ဆိုရာ တုံ့ပြန်မှုမရှိသဖြင့် ငါးဆီကန်သို့သွားရောက်စစ်ဆေးခဲ့ရာ ဦးအောင်လင်းဦး အပါအဝင် (၃) ဦးမှာ ငါးဆီကန်အတွင်း သေဆုံးနေကြသည်ကိုတွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု သိရကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး" စက်ရုံရဲ့ စက်ပြင်ဆရာ ဦးရဲလင်းသူက စက်ရုံက အခြားလုပ်သားတွေကို အကူအညီတောင်းပြီးတော့ ငါးဆီကန်ထဲက ဦးအောင်လင်းဦးတို့ (၃) ဦးကို ဆယ်ယူခဲ့ကြပေမယ့် သေဆုံးနေကြပြီးလို့ သိရပါတယ်" ဟု ပြောကြားသည်။

ဦးအောင်လင်းဦးတို့ (၃) ဦး ငါးဆီကန်အတွင်း သေဆုံးနေမှုနှင့်ပတ်သက်၍လည်း သက်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်းလည်း ၎င်းကဆိုသည်။

ငါးဆီကန်အတွင်း သေဆုံးနေကြသည့် ဦးအောင်လင်းဦး၊ ဦးချမ်းသာနှင့် ကိုဝေယံစိုး တို့ (၃) ဦးအား လူနာတင်ယာဉ်ဖြင့် ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးလိုက်ကြောင်း သိရသည်။

Most Read

Most Recent