ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၂၆ အား လိုအပ်သော ကာလအပိုင်းအခြားအထိ ဆက်လက်အတည်ဖြစ်စေရေး ပြည်ထောင်စုလွှတ်တော်မှ သဘောတူပေးရန် ယနေ့ (ဇူလိုင် ၁၄ ရက်) တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဥပဒေရေးရာဝန်ကြီးဌာနက အဆိုတင်သွင်းခဲ့သည်။
“နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၂ ပုဒ်မခွဲ (က) အရ ၂၀၂၆ ခုနှစ် ဧပြီလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တဲ့ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၂၆ ကို လိုအပ်သော ကာလအပိုင်းအခြားအထိ ဆက်လက်အတည်ဖြစ်စေရေးအတွက် ပြည်ထောင်စုလွှတ်တော်က သဘောတူညီချက်ပေးနိုင်ပါရန် အဆိုတင်သွင်းသွားမှာဖြစ်ပါတယ်”ဟု ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦးက အဆိုတင်သွင်းစဉ် ထည့်သွင်းပြောကြားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၂ ပုဒ်မခွဲ (က) အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုးခုမှ မြို့နယ်ပေါင်း ၆၀ ကို အရေးပေါ်အခြေအနေ ကြေညာခဲ့သည့် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၂၆ နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃ ပုဒ်မခွဲ (ခ) အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား စစ်အုပ်ချုပ်ရေးအာဏာ အပ်နှင်းသည့် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၂/၂၀၂၆ တို့ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ပါရန်နှင့် ထိုအမိန့်များ အတည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည့် ရက်ပေါင်း ၉၀ ကိုလည်း ခွင့်ပြုပေးနိုင်ပါရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၁၂ ပုဒ်မခွဲ (ခ) နှင့်အညီ နိုင်ငံတော်သမ္မတ၏ကိုယ်စား ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ၂၀၂၆ ခုနှစ် ဇွန် ၄ ရက်တွင် ကျင်းပပြုလုပ်သော တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့တွင် အဆိုတင်သွင်းခဲ့ကြောင်း ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦးက ပြောကြားသည်။
ယင်းအဆိုနှင့်ပတ်သက်၍ ၂၀၂၆ ခုနှစ် ဇွန် ၉ ရက်တွင် ကျင်းပပြုလုပ်သော တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် လေးဦးတို့က ထောက်ခံဆွေးနွေးခဲ့ကြကြောင်း၊ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာတွင် သဘောမတူသူမရှိသည့်အတွက် အဆိုကို အတည်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။
“၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့မှာ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၂၆ ထုတ်ပြန်ကြေညာသည့် ရက်ပေါင်း ၉၀ ပြည့်မြောက်မည်ဖြစ်သော်လည်း အဆိုပါအမိန့်ဖြင့် အရေးပေါ်အခြေအနေကြေညာထားတဲ့ မြို့နယ်များမှာ အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေခြင်းငှာ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၂၆ အရေးပေါ်အခြေအနေကြေညာခြင်း အတည်ဖြစ်သည့်ကာလကို တိုးမြှင့်သတ်မှတ်ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါတယ်”ဟု ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦးက ပြောကြားသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပေဒပုဒ်မ ၂၁၂ ပုဒ်မခွဲ (ဃ) တွင် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ထိုဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ကို လိုအပ်သော ကာလအပိုင်းအခြားအထိ ဆက်လက်အတည်ဖြစ်စေနိုင်သည်ဟု ပြဋ္ဌာန်းထားကြောင်း၊ သို့ဖြစ်ပါ၍ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ နိုင်ငံတော်သမ္မတက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၂၆ ဆက်လက်အတည်ဖြစ်သည့်ကာလ တိုးမြှင့်သတ်မှတ်ခြင်းကို ပြည်ထောင်စုလွှတ်တော်က သဘောတူပေးနိုင်ရေး ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦးက ပြည်ထောင်စုလွှတ်တော်သို့ အဆိုတင်သွင်းခဲ့သည်။
ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၂၆ တွင် ပါဝင်သည့် မြို့နယ်များအနက် ချင်းပြည်နယ်ရှိ ဖလမ်းမြို့နယ်နှင့် တွန်းဇံမြို့နယ်များမှအပ ကျန်မြို့နယ်များအား ဆက်လက်အတည်ပြုပေးရန်ဟု ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက အဆိုတင်သွင်းရန် ပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။
ယင်းအဆိုနှင့် ပတ်သက်၍ ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များရှိပါက ဇူလိုင် ၁၆ ရက် နောက်ဆုံးထား၍ အမည်စာရင်း ပေးပို့ရန် ပြည်ထောင်စုလွှတ်တော် နာယကက ပြောကြားခဲ့သည်။















