လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် လာအိုနိုင်ငံ လွန်ပရာဘန်မြို့ရှိ တော်ဝင်နန်းတော်ပြတိုက်သို့ သွားရောက်လေ့လာခဲ့သည်။
လာအိုသမ္မတ သောင်လောင်ဆီ ဆိုလစ်၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေး ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် ယနေ့(ဇူလိုင် ၅ ရက်) နံနက်ပိုင်းတွင် လာအိုနိုင်ငံ၊ လွန်ပရာဘန်မြို့ရှိ တော်ဝင်နန်းတော်ပြတိုက်သို့ သွားရောက်လေ့လာခဲ့ခြင်း ဖြစ်သည်။
လာအိုနိုင်ငံ၊ လွန်ပရာဘန်မြို့ရှိ တော်ဝင်နန်းတော်ပြတိုက်သို့ ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့အား ပြတိုက်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် တော်ဝင်နန်းတော်ပြတိုက်ဝန်းအတွင်းရှိ "ဖဘန်"ဘုရား (Haw Phra Bang)အား ဖူးမြော်ကြည်ညိုကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် တော်ဝင်နန်းတော်ပြတိုက်ဝန်း အတွင်း လေ့လာကြည့်ရှုရာ ပြတိုက်တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် တော်ဝင်နန်းတော်ပြတိုက်ရှိ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။
လွန်ပရာဘန် ဘုရင့်နန်းတော်ပြတိုက်သည် မဲခေါင်မြစ်ကမ်းပါးပေါ်တွင် တည်ရှိပြီး လွန်ပရာဘန်ဘုရင့်နန်းတော် ကို ဒေသခံအများစုက Haw kham နှင့် Ho Kham ဟု ခေါ်တွင်ကြကြောင်းနှင့် အဆိုပါပြတိုက်ကို နိုင်ငံ၏ အမြင့်မြတ်ဆုံးနေရာအဖြစ် ထိန်းသိမ်းထားရှိကြောင်း သိရသည်။
ပြင်သစ် ကိုလိုနီနယ်ချဲ့တို့ အုပ်ချုပ်စဉ်ကာလ ၁၉၀၄ ခုနှစ်မှ ၁၉၀၉ ခုနှစ်အတွင်း လာအိုဘုရင် Sisavang Vong နှင့် တော်ဝင်မိသားစုများ နေထိုင်ရန်အတွက် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ တော်ဝင်မိသားစုနေ အိမ်သည် ၁၈၈၇ ခုနှစ်တွင် တရုတ်နိုင်ငံမှ Black Flag Army ပြည်သူ့စစ်များ လာရောက်ကျူးကျော် တိုက်ခိုက်ခဲ့မှုကြောင့် အကြီးအကျယ် ပျက်စီးခဲ့ရပြီးနောက် ပြန်လည် ပြုပြင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
၁၉၉၅ ခုနှစ်တွင် ယူနက်စကို (UNESCO) အဖွဲ့ကြီးက လွန်ပရာဘန်မြို့တစ်ခုလုံးကို ကမ္ဘာ့ အမွေအနှစ်မြို့အဖြစ် တရားဝင် သတ်မှတ်ခဲ့ရာတွင် ဤဘုရင့်နန်းတော်ပြတိုက်သည် မြို့၏သမိုင်းဝင် အမွေအနှစ်ဗဟိုချက် (Core Zone) အဖြစ် အဓိကဂုဏ်ပြုသတ်မှတ်ခြင်း ခံခဲ့ရသည်။















