■ ထိုင်းနိုင်ငံ မဲဆောက်တွင် အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်၌ အက်ဒမင်အဖြစ် အလုပ်လုပ်နေသည့် မြန်မာအမျိုးသမီးနှစ်ဦးကို ထိုင်းအာဏာပိုင်များ ဝင်ရောက်ဖမ်းဆီး

■ ထိုင်းနိုင်ငံ မဲဆောက်တွင် အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်၌ အက်ဒမင်အဖြစ် အလုပ်လုပ်နေသည့် မြန်မာအမျိုးသမီးနှစ်ဦးကို ထိုင်းအာဏာပိုင်များ ဝင်ရောက်ဖမ်းဆီး
Published 30 June 2026

ထိုင်းနိုင်ငံ မဲဆောက်တွင် အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်၌ အက်ဒမင်အဖြစ် အလုပ်လုပ်နေသည့် မြန်မာအမျိုးသမီးနှစ်ဦးကို ထိုင်းအာဏာပိုင်များ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် Mae Sot Media သတင်းဌာနက ဖော်ပြသည်။

တာ့ခ်ခရိုင် မဲဆောက်မြို့တွင် ဇွန် ၃၀ ရက် နံနက်က ထိုင်းဆိုက်ဘာရဲတပ်ဖွဲ့အမှတ် ၄ လက်အောက်ခံ အထူးစုံစမ်းရေးအဖွဲ့က မဲဆောက်မြို့နယ်၊ မယ်ပကျေးရွာအုပ်စု၊ ရပ်ကွက် ၁၀  ရှိ နေအိမ်တစ်လုံးကို ရှာဖွေဝရမ်းဖြင့် ဝင်ရောက်ရှာဖွေကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ရှာဖွေရာတွင် မြန်မာနိုင်ငံသား အမျိုးသမီးနှစ်ဦးဖြစ်သည့် ၂၇ နှစ်အရွယ် မသန္တာနှင့် ၂၆ နှစ်အရွယ် မစီဇာညွန့်တို့ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့မှာ အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်၏ အက်ဒ်မင်အဖြစ် ဖောက်သည်များနှင့် စကားပြောဆိုခြင်း၊ ဝန်ဆောင်မှုပေးခြင်းများကို လုပ်ဆောင်နေသူများဖြစ်သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ အဆိုပါနေအိမ်တွင်  "Las Vegas LV177" အမည်ရှိ အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်၏ လုပ်ငန်းဆောင်ရွက်ရာနေရာအဖြစ် အသုံးပြုနေကြောင်း၊ ယင်းလောင်းကစားဝက်ဘ်ဆိုက်မှာ တစ်လလျှင် ဘတ် သန်း ၇၀ ကျော် လည်ပတ်ငွေရှိကြောင်း သတင်းတွင် ရေးသားထားသည်။

၂၀၂၆ ကမ္ဘာ့ဖလားကာလအတွင် အဆိုပါ အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်မှာ လောင်းကစားဝန်ဆောင်မှုများကို တိုးချဲ့ဆောင်ရွက်နေသည်ဟု သိရသည်။

ယခုကဲ့သို့ ဖမ်းဆီးစီးနင်းမှုမှာ အွန်လိုင်းရာဇဝတ်လုပ်ငန်းများကို အရှိန်မြှင့်ဖမ်းဆီးနှိမ်နင်းရန် ထိုင်းရဲတပ်ဖွဲ့၏ မူဝါဒအရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းတွင် ရေးသားထားသည်။

ဖမ်းဆီးခံရသည့် အမျိုးသမီးနှစ်ဦးမှာ တစ်လလျှင် လစာ ဘတ်သုံးသောင်းခန့်ရရှိပြီး ရဲတပ်ဖွဲ့က ကွန်ပြူတာများ၊ ဖုန်းများ၊ ငွေသား ဘတ်သုံးသောင်းခွဲခန့်၊ ရွှေနှင့်တူသည့် လက်ဝတ်လက်စားများ၊ ဘဏ်စာအုပ်များ အစရှိသည့် သက်သေခံပစ္စည်းများကို သိမ်းဆည်းနိုင်ခဲ့သည်ဟု သိရသည်။

ထို့ပြင် ငွေကြေးလမ်းကြောင်းများကို စစ်ဆေးကာ လောင်းကစားကွန်ရက်အတွင်း ပါဝင်ပတ်သက်သူများကို ဖော်ထုတ်သွားမည်ဖြစ်ပြီး ဖမ်းဆီးခံရသည့် အမျိုးသမီးနှစ်ဦးကို မဲဆောက်ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းတွင် ရေးသားထားသည်။

 

Most Read

Most Recent