နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် တတိယမြောက်ပြည်ပခရီးစဉ်အဖြစ် လာအိုနိုင်ငံသို့ သွားရောက်မည်

နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် တတိယမြောက်ပြည်ပခရီးစဉ်အဖြစ် လာအိုနိုင်ငံသို့ သွားရောက်မည်
၂၀၂၅ ခုနှစ် စက်တင်ဘာလဆန်းက နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌတာဝန်ထမ်းဆောင်စဉ် လာအိုသမ္မတ သောင်လောင်ဆီ ဆိုလစ်နှင့်တရုတ်နိုင်ငံတွင် တွေ့ဆုံစဉ်။
၂၀၂၅ ခုနှစ် စက်တင်ဘာလဆန်းက နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌတာဝန်ထမ်းဆောင်စဉ် လာအိုသမ္မတ သောင်လောင်ဆီ ဆိုလစ်နှင့်တရုတ်နိုင်ငံတွင် တွေ့ဆုံစဉ်။
Published 30 June 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် လာအိုသမ္မတ သောင်လောင်ဆီ ဆိုလစ်၏ ဖိတ်ကြားချက်အရ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း The Star သတင်းဌာနတွင် ဖော်ပြထားသည်။

လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ ယခုခရီးစဉ်သည် လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံကြား သံတမန်ဆက်ဆံရေး ထူထောင်သည့် အနှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် သွားရောက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ယခုခရီးစဉ်သည် နှစ်နိုင်ငံကြား ရေရှည်တည်တံ့ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှု၊ နီးကပ်သော အိမ်နီးချင်းကောင်း ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေပြီး၊ နှစ်နိုင်ငံကြား အကျိုးရှိစေမည့် ဆက်ဆံရေးမျိုး ဖြစ်လာစေရန် မျှော်လင့်ထားသည်။

လာအိုနှင့် မြန်မာနိုင်ငံသည် ၁၉၅၅ ခုနှစ်တွင် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ပြီး ထိုအချိန်မှစ၍ နှစ်နိုင်ငံအဆင့်၊ ဒေသတွင်းအဆင့်နှင့် နိုင်ငံတကာအဆင့် မူဘောင်များမှတစ်ဆင့် ကဏ္ဍစုံတွင် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ထိန်းသိမ်းထားခဲ့သည်။

ခရီးစဉ်အတွင်း သမ္မတ ဦးမင်းအောင်လှိုင်သည် လာအိုခေါင်းဆောင်များနှင့် ဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်ပြီး နှစ်နိုင်ငံသံတမန်ဆက်ဆံရေး လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်သွားဖွယ် ရှိသည်။

လာအိုနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ထောင်ဆာဗန် ဖုန်ဗီဟေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ၂၀၂၆ ခုနှစ် ဇွန် ၁၁ ရက်မှ ဇွန် ၁၃ ရက်အထိ တရားဝင်ခရီးစဉ်လာထားသည်။

အဆိုပါခရီးစဉ်အတွင်း လာအိုနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးသည် နိုင်ငံ​တော်သမ္မတဦးမင်း​အောင်လှိုင်နှင့်​တွေ့ဆုံပြီး နှစ်နိုင်ငံအကြား ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်တိုးတက်လျက်ရှိမှုနှင့် ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုနှင့် ကုန်သွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက် မှုများ မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နိုင်ငံ့ခေါင်းဆောင်များ အပြန်အလှန် လည်ပတ်ခဲ့မှု အခြေအနေများ၊ မြန်မာ-လာအို ချစ်ကြည်ရေးတံတားမှတစ်ဆင့် ကုန်သွယ်မှုများ မြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပြည်သူများအကြား ပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည့်အခြေအနေများ၊ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးကိုသာမက ဒေသတွင်းနိုင်ငံများ၊ အာဆီယံနိုင်ငံ များနှင့် ဆက်ဆံမှုအခန်းကဏ္ဍကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုနှင့် အာဆီယံဘုံသဘော တူညီချက်(၅)ရပ်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းလျက်ရှိမှုနှင့် ရွေးကောက်ခံအစိုးရအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများအပေါ် လာအိုနိုင်ငံအနေဖြင့် အပြည့်အဝနားလည်မှု ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား ကြုံတွေ့နေရသည့် အခက်အခဲများကို အတူတကွ ရင်ဆိုင်ကျော်လွှားပြီး အပြန်အလှန်ကူညီ ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။

ထို့ပြင် လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ခရီးစဉ်လာရောက်နိုင်ရေး လာအိုသမ္မတက နိုင်ငံတော်သမ္မတဦးမင်း​အောင်လှိုင်အား ဖိတ်ကြားစာကိုလည်း လာအိုဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား​ရေးဝန်ကြီးက နိုင်ငံ​တော်သမ္မတ ဦးမင်း​အောင်လှိုင်ထံ​ပေးအပ်ခဲ့သည်။

နိုင်ငံ​တော်သမ္မတဦးမင်း​အောင်လှိုင်သည် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌတာဝန်ထမ်း​ဆောင်စဉ် ၂၀၂၅ ခုနှစ် စက်တင်ဘာလဆန်းက တရုတ်နိုင်ငံသို့ အလုပ်သဘောခရီးသွား​ရောက်စဉ် တရုတ်နိုင်ငံသို့​ရောက်ရှိ​နေသည့် လာအိုသမ္မတ သောင်လောင်ဆီ ဆိုလစ်နှင့် တီယန်ကျင်းမြို့တွင် သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကြား နယ်စပ်ဒေသတည်ငြိမ်အေးချမ်း ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံအစိုးရအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများ၊ ခရီးသွားကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍများ ယခုထက်ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည့်အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့သည်။

Most Read

Most Recent