■​၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် ဒုတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲတွင် သစ်မျိုး (၁၄) မျိုး၊ အပင်ပေါင်း ၃၀၀၀  စိုက်ပျိုး

■​၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် ဒုတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲတွင် သစ်မျိုး (၁၄) မျိုး၊ အပင်ပေါင်း ၃၀၀၀  စိုက်ပျိုး
Published 25 June 2026

မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၅ ရာခိုင်နှုန်းရှိပြီး ရာခိုင်နှုန်း ၅၀ သို့​ရောက်ရှိ​ရေး ရည်မှန်းချက်ထား

၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ယနေ့(ဇွန် ၂၅ ရက်)နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ တော်ဝင်ရတနာလမ်းအနီး၌ ကျင်းပပြုလုပ်ရာ  နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ ပိတောက်ပျိုးပင်ကို ဦးဆောင် စိုက်ပျိုးပေးခဲ့​ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများ၊ နေပြည်တော်ရှိတက္ကသိုလ်၊ ကောလိပ်များနှင့် အခြေခံပညာကျောင်းများမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ကထိကဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့​​ပြီး ပျိုးပင်များကို စိုက်ပျိုးခဲ့​ကြောင်း သိရသည်။

နိုင်ငံတော်အဆင့် ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန် ၁၃ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့ပြီး အပင်ပေါင်း (၃,၀၀၀) စိုက်ပျိုးခဲ့ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ခရိုင်နှင့် မြို့နယ်အသီးသီး၌လည်း တစ်ပြိုင်တည်း သစ်ပင်စိုက်ပျိုးပွဲတော်များကို ကျင်းပခဲ့ကာ သစ်ပင်စိုက်ပွဲ (၁၁၁) နေရာ၊ အပင်ပေါင်း (၈၀,၅၂၀) ကို စိုက်ပျိုးခဲ့ကာ ယနေ့(ဇွန် ၂၅ ရက်)တွင် ကျင်းပသည့် သစ်ပင်စိုက်ပျိုးပွဲတော်တွင် သစ်မျိုး (၁၄) မျိုး၊ အပင်ပေါင်း (၃,၀၀၀)ကို စိုက်ပျိုးခဲ့​ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံတွင် သစ်တောကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တော စုစုပေါင်း ၁,၃၃၇ ခု၊ နိုင်ငံဧရိယာ၏ ၂၆ ဒသမ ၁၁ ရာခိုင်နှုန်း တည်ထောင်နိုင်ခဲ့ပြီး သဘာဝထိန်းသိမ်းရေး နယ်မြေ ၆၂ ခု၊ နိုင်ငံဧရိယာ၏ ၆ ဒသမ ၅၉ ရာခိုင်နှုန်း ဖွဲ့စည်းထား​ကြောင်း သိရသည်။

နိုင်ငံ​တော်သမ္မတက မိမိတို့နိုင်ငံတွင် ၂၀၂၅ ခုနှစ် ဆန်းစစ်လေ့လာချက်များအရ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂ဒသမ ၁၅ ရာခိုင်နှုန်းရှိသည်ဟု လေ့လာသိရှိရကြောင်း၊ သစ်တောဖုံးလွှမ်းမှု တိုးပွားလာသည်နှင့်အမျှ ဂေဟစနစ်ဝန်ဆောင်မှုများသည်လည်း ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ပြီး သက်ရှိများစွာကို များစွာအကျိုးပြုနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့်လည်း လက်ရှိနှင့် အနာဂတ် မျိုးဆက်များ အတွက် ကောင်းမွန်တည်ငြိမ်သည့် ပတ်ဝန်းကျင်ဂေဟစနစ်များ လက်ဆင့်ကမ်း နိုင်ရေးအတွက် သစ်တော ဖုံးလွှမ်းမှုကို နိုင်ငံဧရိယာ၏ ၅၀ ရာခိုင်နှုန်းရောက်အောင် ရည်မှန်းချက်ထားပြီး ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သစ်တောဖုံးလွှမ်းမှု တိုးတက်လာအောင်ဆောင်ရွက်နိုင်မှသာ နိုင်ငံ၏သစ်တော ဖုံးလွှမ်းမှုသည်လည်း တိုးလာမည်ဖြစ်သည့်အတွက် မိမိတို့တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ သစ်တောဖုံးလွှမ်းမှု တိုးတက်လာစေရေး အရှိန်အဟုန်မြှင့် တင်ဆောင်ရွက်ကြရန်လည်း လိုအပ်ကြောင်း ​ပြောကြားသည်။

နိုင်ငံ​တော်သမ္မတက ယနေ့ကာလတွင် သစ်အလွန်အကျွံထုတ်ယူခြင်း၊ တရားမဝင်သစ် ခိုးထုတ်ခြင်း၊ လူဦးရေတိုးပွားလာမှုနှင့်အတူ သစ်လိုအပ်ချက်များ မြင့်မားလာခြင်း၊ စက်မှုလုပ်ငန်းများတိုးချဲ့လာခြင်းနှင့် မြို့ပြများချဲ့ထွင်လာခြင်း၊ သစ်တောများကို အခြားမြေအသုံးချမှုအဖြစ် ပြောင်းလာခြင်းတို့ကြောင့် သစ်တောများ ပြုန်တီးလာလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ သစ်တောသယံဇာတအခြေအနေကို ဆန်းစစ် လေ့လာခြင်း အစီရင်ခံစာအရ ၂၀၁၅ ကနေ ၂၀၂၅ ခုနှစ်အထိ(၁၀)စုနှစ်အတွင်း နှစ်စဉ် သစ်တောဧရိယာဧက ၁၀ ဒသမ ၁၈ သန်း ကျဆင်းခဲ့သည်ကိုသိရကြောင်း၊ အာဆီယံဒေသ၏ သစ်တောဖုံးလွှမ်းမှုသည်လည်း ဧရိယာ ဧက ၅၉၃ သန်းရှိသည့်အနက် ၁၉၉၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အထိ ၃၅ နှစ်တာကာလအတွင်း စုစုပေါင်း သစ်တောဧရိယာ ဧက ၈၈ ဒသမ ၉၆ သန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းကို လေ့လာသိရှိရကြောင်း၊ အကျိုးဆက်အနေဖြင့် ကမ္ဘာတစ်ဝန်း ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝဘေးအန္တရာယ်များကို ခံစားလာနေကြရခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတကာ ရာသီဥတုပြောင်းလဲမှု လေ့လာစောင့်ကြည့်ရေးအဖွဲ့အချို့၏ ၂၀၂၆ ခုနှစ်၊ ရာသီဥတုဘေးဖြစ်နိုင်ချေ အညွှန်းကိန်းအရ မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်ခံစားမှု အများဆုံး ၁၀ နိုင်ငံတွင် ပါဝင်နေကြောင်း၊ အထူးသဖြင့် ယခုနှစ်ကုန်ပိုင်းတွင် အလွန်အားကောင်းသည့် အယ်လ်နီညိုအဆင့်ထိ ရောက်ရှိလာနိုင်သည်ဟု ခန့်မှန်းထားပြီး ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ် တို့သည် ကမ္ဘာ့သမိုင်းတစ်လျှောက် အပူဆုံးနှစ်ဖြစ်လာနိုင်သည်ဟု ခန့်မှန်းထားကြကြောင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် အယ်လ်နီညိုဖြစ်စဉ်တို့ကြောင့် မိုးခေါင်ရေရှားခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ တောမီးလောင်ကျွမ်းခြင်းများ ဖြစ်ပေါ်လာနိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့်ကဏ္ဍအသီးသီးအပေါ်တွင်လည်း ဆိုးကျိုးသက်ရောက်မှုများ ရှိလာနိုင်သည့်အတွက် အဘက်ဘက်က ကြိုတင်ပြင်ဆင်ထားကြရန် လိုအပ်မည် ဖြစ်ကြောင်း ​ပြောကြားသည်။

ပြည်​ထောင်စုနယ်​မြေ ​နေပြည်​တော်ကို Green City, Clean City, Smart City အဖြစ်ဖော်ဆောင်လျက် ရှိရာတွင် ပတ်ဝန်းကျင် စိမ်းလမ်းစိုပြည်ရေးကို အဓိကအလေးထား ဖော်ဆောင်လျက်ရှိကြောင်း၊ အားလုံးမြင်တွေ့ကြရသည့်အတိုင်း ရာသီအလိုက် အရောင်အသွေး စုံစုံလင်လင်ဖြင့်ဖူးပွင့်သည့် သစ်ပင်ပန်းမန်များ၊ ရတနာတန်းဝင် သစ်မျိုးများ၊ အရိပ်ရသစ်မျိုးများ၊ အမြဲစိမ်း သစ်မျိုးများကို လမ်းဘေးဝဲယာနှင့် နေရာအနှံ့ စနစ်တကျစိုက်ပျိုးထားပြီး Urban Green Space များအဖြစ် ဖော်ဆောင်ထားသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့ပြများတွင်လည်း အလားတူသစ်ပင်များ စိုက်ပျိုးပြီး Urban Green Spaceများ ဖော်ဆောင်ခြင်းဖြင့် မြို့ပြစိမ်းလန်းစိုပြည်သာယာလှပပြီး ရာသီဥတုမျှတကောင်းမွန်အောင် ဆောင်ရွက်ကြရန် တိုက်တွန်း လိုကြောင်း၊ အထူးစိမ်းလန်းစိုပြည်ရေးလုပ်ငန်းအဖြစ် စိုက်ပျိုးလျက်ရှိသည့် အပူပိုင်းဒေသ (၁၃)ခရိုင်၊ မီးရထားလမ်းများ၊ အာဆီယံလမ်းမကြီးနှင့် ကားလမ်းဘေး ဝဲ/ယာများ၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၊ အင်းလေးကန်တစ်ဝိုက် ဧရိယာများနှင့် ကမ်းရိုးတန်းဒေသများ၊ မြို့တွင်း သတ်မှတ်ထားသည့် Green Areaများ၊ ကျေးရွာပြည်သူများအတွက် ကျေးရွာထင်းစိုက်ခင်းများ စသည်ဖြင့် ဒီနှစ်အတွင်း၌ စိုက်ရန်လျာထားသည့် သစ်ပင်ပေါင်း ၂၁ ဒသမ ၃၆ သန်းကို အောင်မြင်အောင် စိုက်ပျိုးကြရန်လည်း လိုအပ်ကြောင်း နိုင်ငံ​တော်သမ္မတက ထည့်သွင်း​ပြောကြားသည်။

၂၀၂၆ ခုနှစ်  မိုးရာသီ နိုင်ငံတော်အဆင့် ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားတွင် ပန်းပွင့်သောသစ်မျိုးများဖြစ်ကြသည့် ကံ့ကော်၊ ခရေ၊ ပန်းမယ်ဇလီ၊ စိန်ပန်း၊ ပျဉ်းမ၊ ပိတောက်၊ ယင်းမာ ရတနာတန်းဝင် သစ်မျိုးများဖြစ်သည့် ကျွန်း၊ ပျဉ်းကတိုး၊ တမလန်း၊ မဟော်ဂနီနှင့် အမြဲစိမ်းသစ်မျိုးများဖြစ်သည့် ဆီသပြေ၊ ယမနေ၊ ရေတမာ စသည့် သစ်မျိုးစုစုပေါင်း(၁၄)မျိုး၊ အပင်ပေါင်း ၃,၀၀၀ ကို စိုက်ပျိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent