ဓာတ်ပုံတွဲရိုက်ရန် ၎င်းဘက်က ခယ,တောင်းဆိုခဲ့သည်ဆိုသည့် ထရန့်၏မှတ်ချက် လုပ်ကြံပြောခြင်းဟု အီတလီဝန်ကြီးချုပ် ပြန်ဖြေရှင်း

ဓာတ်ပုံတွဲရိုက်ရန် ၎င်းဘက်က ခယ,တောင်းဆိုခဲ့သည်ဆိုသည့် ထရန့်၏မှတ်ချက် လုပ်ကြံပြောခြင်းဟု အီတလီဝန်ကြီးချုပ် ပြန်ဖြေရှင်း
Published 21 June 2026

မကြာသေးမီက ပြင်သစ်တွင်ကျင်းပခဲ့သည့် G7 ထိပ်သီးအစည်းအဝေးအတွင်း အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီက ၎င်းနှင့်အတူ ဓာတ်ပုံတွဲရိုက်ရန် တောင်းဆိုခဲ့သည်ဟု ဒေါ်နယ်ထရန့်က ထုတ်ပြောလာသည့်အပေါ် အီတလီအစိုးရဘက်ကလည်း တညီတညွတ်တည်း တုံ့ပြန်ရှုတ်ချခဲ့သည်။

ထရန့်က ယင်းမှတ်ချက်ကို ဇွန် ၁၉ ရက်က ထုတ်လွှင့်သည့် La7 ရုပ်သံလိုင်းနှင့် အင်တာဗျူးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ La7 သတင်းထောက်က ထရန့်ကို ယူကရိန်းအကြောင်း မေးမြန်းခဲ့သော်လည်း ထရန့်က မယ်လိုနီအကြောင်း စကားစပ်မိရာမှ G7 အစည်းအဝေးအတွင်း ၎င်းတို့နှစ်ဦး ဆုံမိကြောင်း စကားလမ်းကြောင်းပြောင်းသွားခဲ့သည်။ မယ်လိုနီနှင့် ထရန့်တို ဆိုဖာတစ်ခုပေါ်တွင် နှစ်ဦးတည်း စကားပြောနေသည့် အခိုက်အတန့်အပါအဝင် အကြိမ်အတော်များများ စကားပြောဆိုနေသည်ကိုလည်း ရုပ်သံဖော်ပြချက်များ၌ တွေ့ရသည်။

ဓာတ်ပုံတွဲရိုက်ပေးရန် ၎င်းတွင် တာဝန်မရှိသော်လည်း မယ်လိုနီအတွက် စိတ်မကောင်းသဖြင့် သဘောတူခဲ့ခြင်းဖြစ်ကြောင်း ထရန့်ကပြောသည်ဟု La7 က ဖော်ပြလိုက်ပြီးနောက်၊ အီတလီ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို တဂျာနီက ထရန့်၏မှတ်ချက်သည် မယ်လိုနီတင်မက အီတလီ တစ်နိုင်ငံလုံးအပေါ် စော်ကားရာကျသည်ဟု ရှုတ်ချကာ စီစဉ်ပြီးသား အမေရိကန်ခရီးစဉ်ကို ဖျက်သိမ်းလိုက်သည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး မယ်လိုနီက အချို့သော အရာများသည် ချက်ချင်းဖြေရှင်းမှဖြစ်မည်ဟုဆိုကာ ဗီဒီယိုပိုစ်တင်ခဲ့သည်။ ဗီဒီယိုထဲတွင် “ဒေါ်နယ်ထရန့်ရဲ့ စကားတွေက လုံးဝ လုပ်ကြံဖန်တီးထားတာပါ။ ကျွန်မ တစ်ကယ့်ကို အံ့ဩမိတယ်။ အမေရိကန်သမ္မတတစ်ယောက်က မဟာမိတ်တွေအပေါ် ဘာလို့ဒီလိုပြုမူ သလဲဆိုတာ ကျွန်မ မသိတော့ဘူး။ နောက်ပြီး ပထမဆုံးအကြိမ်လည်း မဟုတ်ဘူးဟု ဆိုထားသည်။ အီရန်ကိုတိုက်ခိုက်မှုအပေါ် မယ်လိုနီက ထောက်ခံသဘောတူရန် ငြင်းဆန်ခဲ့စဉ်ကလည်း ထရန့်က ဝေဖန်ခဲ့သေးသည်။

သူဟာ အနောက်ကမ္ဘာရဲ့ ရန်သူတွေ၊ အမေရိကန်ရဲ့ ရန်သူတွေဖြစ်တဲ့ ခေါင်းဆောင်တွေအပေါ်မှာတော့ အများကြီး လိုက်လျောညီထွေဖြစ်အောင် နေပြတယ်။ သူသိထားရမှာက အီတလီနိုင်ငံနဲ့ ကျွန်မက ဘယ်တော့မှ ခယတောင်းဆိုနေမှာ မဟုတ်ဘူး ဟု မယ်လိုနီက ပြတ်ပြတ်သားသား တုံ့ပြန်လိုက်သည်။

မယ်လိုနီသည် အမေရိကန်နှင့် ဥရောပသမဂ္ဂကြား တံတားတစ်စင်းသဖွယ် ရပ်တည်ခဲ့သူဖြစ်ပြီး ထရန့်၏ သမ္မတကျမ်းကျိန်ပွဲသို့ တက်ရောက်ခဲ့သည့် တစ်ဦးတည်းသော အီးယူအဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင်ဖြစ်သည်။

Ref & Photo: AP

Most Read

Most Recent