မကွေးတိုင်း ကမ္မ-မြိုင်သွားကားလမ်းမပေါ်၌ PDF အဖွဲ့များ ထောင်ထားသည့် လက်လုပ်မိုင်းမျိုးစုံအလုံး ၈ဝ ကို ထပ်မံဖယ်ရှား

မကွေးတိုင်း ကမ္မ-မြိုင်သွားကားလမ်းမပေါ်၌ PDF အဖွဲ့များ ထောင်ထားသည့် လက်လုပ်မိုင်းမျိုးစုံအလုံး ၈ဝ ကို ထပ်မံဖယ်ရှား
Published 20 June 2026

မကွေးတိုင်း ကမ္မ-မြိုင်သွားကားလမ်းမပေါ်၌ PDF အဖွဲ့များ ထောင်ထားသည့် လက်လုပ်မိုင်းမျိုးစုံအလုံး ၈ဝ ကို ထပ်မံဖယ်ရှားကြောင်း သိရသည်။

PDF အဖွဲ့များသည် မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူမြို့နယ်၊ ကမ္မမြို့နှင့် မြိုင်မြို့နယ်သို့ ဆက်သွယ်ထားသည့် ကမ္မ-မြိုင်သွားကားလမ်းတစ်လျှောက်တွင် ကတ္တရာလမ်းအား ကျင်းတူးပြီး ဆီပေပါခွံများဖြင့် ကားမိုင်းအဖြစ်ပြုလုပ်ကာ မိုင်းထောင်ပိတ်ဆို့ထားရှိကြောင်း သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အဆိုပါကားလမ်းတစ်လျှောက် မိုင်းရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ မြိုင်မြို့နယ်၊ နှမ်းဆီကန်ကျေးရွာနှင့် သရက်ကန်ကျေးရွာ ကြားရှိ ကမ္မ-မြိုင်သွားကားလမ်းဘေးဝဲ/ယာဘက်များ၌ PDF အဖွဲ့ထောင်ထားသည့် ဆီပေပါဖြင့် ပြုလုပ်ထားသည့် ကားမိုင်းကြီး ၂၀ လုံး၊ လက်လုပ်ရှေ့ထွက်မိုင်း ၁၇ လုံး၊ လက်လုပ်ကားနင်းမိုင်း ၁၅ လုံး၊ လက်လုပ်တိုက်မိုင်း ရှစ်လုံး၊ PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ခြောက်လုံး၊ ဒေသန္တရလက်လုပ်နင်းမိုင်း ၁၂ လုံး၊ အမ်-၁၄ နင်းမိုင်း နှစ်လုံး၊ စုစုပေါင်းလက်လုပ်မိုင်းမျိုးစုံ ၈၀ လုံးတို့ကို ဇွန် ၁၉ ရက်တွင် ထပ်မံတွေ့ရှိခဲ့ပြီး အဆိုပါမိုင်းများအား သက်မဲ့ပြုလုပ်ကာ ဖယ်ရှားရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် သရက်ကန်ကျေးရွာအနီးရှိ အကျယ် ၂၈ ပေ၊ အရှည် ၁၂ ပေခန့်ရှိ ပျက်စီးနေသည့် တံတားတစ်စင်းအား မိုင်းရှင်းလင်းကာ ကျောက်၊ သစ်တုံး၊ သဲအိတ်များဖို့၍ ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့၍ အသုံးပြုဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် လမ်းမကြီးများ၊ ရထားလမ်းများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုများပြုလုပ်ခဲ့သူများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent