ကျန်းမာရေးဝန်ကြီးဌာန၏ အီလက်ထရောနစ် ကျန်းမာရေးသတင်းစနစ်တွင် ပုဂ္ဂလိကဆေးရုံများက သတင်းပေးပို့ ပူးပေါင်းပါဝင်ရန် ဆွေးနွေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ဇွန် ၁၉ ရက်က ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့ အစည်းအဝေး (၂/၂၀၂၆) ကို နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့် ဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အရည်အသွေးပြည့်မီသော အကူသူနာပြုများနှင့် ဆေးဘက်ကျွမ်းကျင်အကူများ မွေးထုတ်ပေးနိုင်ရေး ပုဂ္ဂလိက ကုသမှုအထောက်အကူပြု သင်တန်းကျောင်းလုပ်ငန်းများနှင့် ပြင်ပလူနာခွဲစိတ်ကုသရေးလုပ်ငန်းများကို စိစစ်၍ လုပ်ငန်းလိုင်စင် ထုတ်ပေးရန် စီစဉ်ဆောင်ရွက်နေမှု၊ လိုင်စင်စည်းကမ်းချက်ချိုးဖောက်သော လုပ်ငန်းများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်နေမှု၊ ကျန်းမာရေးဝန်ကြီးဌာန၏ အီလက်ထရောနစ် ကျန်းမာရေးသတင်းစနစ်တွင် ပုဂ္ဂလိကဆေးရုံများက သတင်းပေးပို့ ပူးပေါင်းပါဝင်ရန်နှင့် ကူးစက်ရောဂါဆိုင်ရာ အချက်အလက်များကို စနစ်တကျတင်ပြရန် ထိန်းကျောင်းကြီးကြပ်နေမှုနှင့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများကို ပိုမိုတိုးတက်လာစေရန် ဗဟိုအဖွဲ့ဝင်များအနေဖြင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးကြသည်။
ထို့နောက် ဗဟိုအဖွဲ့အတွင်းရေးမှူးက ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းမှု အခြေအနေနှင့် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းလိုင်စင်လျှောက်ထားလာသည့် ကိစ္စရပ်များကို တင်ပြရာ ဗဟိုအဖွဲ့ အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။













