သီရိလင်္ကာနိုင်ငံသည် နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံးဖြစ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားမှုကို ရင်ဆိုင်ကြုံတွေ့နေရပြီး ဇန်နဝါရီလမှစ၍ ရောဂါကူးစက်ခံရသူ ၄၄၀၀၀ ကျော်နှင့် သေဆုံးသူ ၂၈ ဦးအထိရှိလာကြောင်း ဇွန် ၁၉ ရက်တွင် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ယင်းအခြေအနေကြောင့် အစိုးရဆေးရုံများတွင်လည်း လူနာများ များပြားကာ ဝန်ပိနေသည်။
ခြင်မှတစ်ဆင့် ကူးစက်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါသည် သီရိလင်္ကာနိုင်ငံ၏ မုတ်သုံရာသီကာလအတွင်း အဖြစ်များလေ့ရှိသော်လည်း စနစ်တကျပြင်ဆင်ထားခြင်းမရှိသည့် မြို့ပြအသွင်ကူးပြောင်းမှုများနှင့်အတူ ပြီးခဲ့သည့် နိုဝင်ဘာလနှောင်းပိုင်းက ဝင်ရောက်တိုက်ခတ်ခဲ့သည့် Ditwah ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဖြစ်ပေါ်ခဲ့သော ပျက်စီးဆုံးရှုံးမှုများက ယခုနှစ်အတွင်း ရောဂါကူးစက်ပြန့်ပွားမှုကို ပိုမိုဆိုးရွားစေခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
အမျိုးသား သွေးလွန်တုပ်ကွေးရောဂါ ထိန်းချုပ်ရေးအဖွဲ့ (NDCU) ၏ အချက်အလက်များအရ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်းသည် ဧပြီတွင် ၅၆၅၁ ဦး ရှိခဲ့ရာမှ ဇွန်လ ပထမသီတင်းနှစ်ပတ်အတွင်းမှာပင် ၁၀၆၃၈ ဦးအထိ ရှိလာခဲ့ပြီး နှစ်ဆနီးပါး မြင့်တက်လာခဲ့ကြောင်း ဖော်ပြထားသည်။
Ref: CNA















