သထုံမြို့နယ်၊ ကြာပန်းကျေးရွာရှိ သထုံသဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံအား ပြင်ဆင်မှုများလုပ်ဆောင်နေပြီး လာမည့် ဩဂုတ်လအတွင်း စက်ရုံပြန်လည်၊ လည်ပတ်နိုင်မည်ဟုဆို

သထုံမြို့နယ်၊ ကြာပန်းကျေးရွာရှိ သထုံသဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံအား ပြင်ဆင်မှုများလုပ်ဆောင်နေပြီး လာမည့် ဩဂုတ်လအတွင်း စက်ရုံပြန်လည်၊ လည်ပတ်နိုင်မည်ဟုဆို
Published 8 June 2026

မွန်ပြည်နယ် သထုံမြို့နယ်၊ ကြာပန်းကျေးရွာရှိ သထုံသဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံအား ပြင်ဆင်မှုများလုပ်ဆောင်နေပြီး လာမည့် ဩဂုတ်လအတွင်း စက်ရုံပြန်လည်၊ လည်ပတ်နိုင်မည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦး ၏ ပြောကြားချက်များအရ သိရသည်။

“သထုံသဘာဝဓါတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံမှာ ရေနွေးငွေ့တာဘိုင်(Steam Turbine)  (၁) လုံးနဲ့ ဂတ်စ်တာဘိုင် (Gas Turbine) က (၂) လုံးရှိပါတယ်။ ရေနွေးငွေ့တာဘိုင်က ပြုပြင်ပြီးလို့ ပြန်လည်တတ်ဆင်လို့လည်း  ပြီးသွားပါပြီး။ ကျန်တဲ့ ဂတ်စ်တာဘိုင် (၂) လုံးမှာတစ်လုံးက တရုတ်နိုင်ငံမှာပြင်နေပါတယ်။ လာမယ့် ဩဂုတ်လအတွင်းလောက်မှာ ပြင်ဆင်လို့ပြီးလောက်ပါမယ်။ နောက်ထပ် ဂတ်စ်တာဘိုင်တစ်လုံးကလည်း ဒီဇင်ဘာလအတွင်းလောက်မှာပြန်ရောက်လာပါမယ်” ဟု ဦးဇေယျာဦး ကပြောကြားသည်။

၎င်းကဆက်လက်ပြီး “လက်ရှိမှာ ရေနွေးငွေ့တာဘိုင်ကရောက်နေပြီး။ ဂတ်စ်တာဘိုင် တစ်လုံးရောက် လာရင်တော့ လုပ်စစ်ဓါတ်အားထုတ်လုပ်တဲလုပ်ငန်းပြန်လည် လည်ပတ်လို့ရပါပြီး။ နောက်ထပ် ဂတ်စ်တာဘိုင်တစ်လုံးထပ်ရောက်လာမယ်ဆိုရင်တော့ လုပ်ငန်းအပြည့်အဝလည်ပတ်နိုင်မှာဖြစ်ပါတယ်” ဟုပြောကြားသည်။

ဂတ်စ်တာဘိုင်တစ်လုံးကို (၄၀) မဂ္ဂါဝပ် လျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်ပြီး၊ ဂတ်စ်တာဘိုင် နှစ်လုံးဆိုပါက (၈၀) မဂ္ဂါဝပ်ထွက်ရှိမည်ဖြစ်ကြောင်း၊ ဂတ်စ်တာဘိုင်ရော ရေနွေးငွေ့တာဘိုင်ပါ အပြည့်အဝလည်ပတ်နိုင်ရင်တော့ (၁၁၈.၉) မဂ္ဂါဝပ်အထိလျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်မှာဖြစ်ကြောင်း ၎င်းကဆိုသည်။

မွန်ပြည်နယ်မှထွက်ရှိသည့်လျှပ်စစ်ဓါတ်အား ကို မဟာဓါတ်အားလိုင်းပေါ်သို့ တင်ပေးရကြောင်း၊ ၎င်းမှ မွန်ပြည်နယ်အတွက်ရရှိသည့် ခွဲတမ်းအား ပြည်နယ်အတွင်း ပြန်လည်ဖြန့်ဖြူးပေးရခြင်းဖြစ်ကြောင်းနှင့် ရသည့်လျှပ်စစ်ဓါတ်အားခွဲတမ်းအား ပြည်သူများမျှတစွာအသုံးပြုနိုင်ရေး စီမံဆောင်ရွက်ပေးနေပါကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

သထုံဓာတ်အားပေးစက်ရုံစီမံကိန်းသည် မွန်ပြည်နယ်တွင်တည်ရှိပြီး တပ်ဆင်အင်အားမှာ ၁၁၈.၉ မဂ္ဂါဝပ်ရှိသည့် ဓာတ်အားပေးစက်ရုံဖြစ်ကြောင်း၊ EPC Contract စနစ်ဖြင့် China Energy Engineering Corporation (CEEC) ကုမ္ပဏီထံသို့ လုပ်ငန်းအပ်နှံကာ (၂၀၁၆) ခုနှစ်မတ်လအတွင်းမှစတင်ကာ Combined Cycle Power Plant အဆင့်မြှင့်တင်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ (၂၀၁၈) ခုနှစ် နှောင်းပိုင်းကာလတွင် စက်ရုံအား စမ်းသပ်လည်ပတ်မှုများ စတင်လုပ်ဆောင်ခဲ့ကြောင်း နှင့် (၂၀၁၉) ခုနှစ် ဧပြီလတွင် စက်ရုံအား တရားဝင်ဖွင့်လှစ်ခဲ့ကြောင်း နှင့် လက်ရှိတွင်  Yangon Industrial Solutions Co.,Ltd မှ အကြီးစားပြင်ဆင်ထိန်းသိမ်းမှုများလုပ်ဆောင်နေကြောင်း သိရသည်။

Most Read

Most Recent