၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အီရန်ဘောလုံးအသင်း၏ စီမံခန့်ခွဲမှုအဖွဲ့ဝင်အချို့ အမေရိကန်သို့ ဝင်ခွင့်ဗီဇာ မရသေးကြောင်း အီရန်မီဒီယာက ဇွန် ၆ ရက်တွင် ကြေညာခဲ့သည်။အမေရိကန်အရာရှိများ၏ အဆိုအရ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အီရန်ဘောလုံးသမားများကို ဗီဇာထုတ်ပေးထားသော်လည်း ပံ့ပိုးကူညီရေးအဖွဲ့ဝင်အချို့က ထိုအဖွဲ့နှင့်အတူ လိုက်ပါခွင့်မရသေးဟု သိရသည်။
ဇွန် ၁၅ ရက်တွင် လော့စ်အိန်ဂျလိစ်မြို့၌ ယှဉ်ပြိုင်မည့် အီရန်အသင်း၏ ပထမဆုံးပွဲစဉ်မတိုင်မီ ၁၀ ရက်အလို ဇွန် ၅ ရက်တွင် ကစားသမားများနှင့် လိုအပ်သည့် ပံ့ပိုးကူညီရေးအဖွဲ့ဝင်များကို ဗီဇာထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း အမေရိကန်ဘက်က ပြောကြားခဲ့သည်။ သို့သော် အကြမ်းဖက်သမားများကို အမေရိကန်ထဲသို့ ခိုးသွင်းရန် အီရန်အား ယခုဗီဇာစနစ်ကို အလွဲသုံးစားလုပ်ခွင့် ပြုမည်မဟုတ်ကြောင်း အမေရိကန်က ဆက်လက် အသိပေးခဲ့သည်။
အီရန်အသင်းသည် ၎င်းတို့၏ ပထမဆုံးပွဲစဉ်အဖြစ် ဇွန် ၁၅ ရက်တွင် ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့၌ နယူးဇီလန်အသင်းနှင့် ယှဉ်ပြိုင်မည်ဖြစ်ပြီး ဗီဇာမရရှိသေးသည့် အဖွဲ့ဝင်များက လိုအပ်သည့်စာရွက်စာတမ်းများရရန် ဆက်လက်ကြိုးပမ်းနေစဉ် အသင်းနှင့်အတူ မက္ကဆီကိုနိုင်ငံသို့ လိုက်ပါသွားမည်ဖြစ်ကြောင်း အီရန်သတင်းဌာန Tasnim က ကြေညာခဲ့သည်။
ဗီဇာပြဿနာကြောင့်လည်းကောင်း၊ အမေရိကန်နိုင်ငံအတွင်း အီရန်အသင်းသားများ ရှိနေမှုကို တတ်နိုင်သမျှ လျှော့သင့်သည်ဆိုသည့် လူထုခံစားချက် မြင့်တက်လာခြင်းတို့ကြောင့်လည်းကောင်း အီရန်အစိုးရက အသင်း၏အခြေစိုက်စခန်းကို အမေရိကန်၊အရီဇိုးနားပြည်နယ်မှ မက္ကဆီကိုနိုင်ငံ၊ တီဟွမ်နာမြို့သို့ ပြောင်းရွှေ့ရန် အချိန်ကပ် ညှိနှိုင်းဆောင်ရွက်လိုက်ရသည်။
အမေရိကန်အစိုးရက ၎င်းတို့၏မြေပေါ်တွင် အီရန်အသင်းကို မလိုလားကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) နှင့် ပတ်သက်နေသူများကို အီရန်အဖွဲ့တွင် လိုက်ပါလာခွင့်ပြုမည်မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက မကြာသေးမီက ပြောထားသည်။
Ref: Middle East Eye, Photo: Reuters









