ထိုင်းနိုင်ငံတွင် ယခုလအတွင်း လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွင် သံသယရှိသူ ၁၁ ဦးကို ရဲတပ်ဖွဲ့က ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြခဲ့သည်။
ထိုင်းအာဏာပိုင်များသည် စစ်တပ်တွင် အသုံးပြုသည့်အဆင့်ရှိသည့် လက်နက်များ တရားမဝင် လက်ဝယ်ထားရှိမှု၊ ကျားဖျန့်ကွန်ရက်များနှင့် ဆက်နွှယ်မှုတို့ဖြင့် ယခုလအတွင်း တရားစွဲဆိုခံထားရသည့် တရုတ်နိုင်ငံသားတစ်ဦးကို စုံစမ်းစစ်ဆေးနေချိန်တွင် နောက်ထပ်သံသယရှိသူ ၁၁ ဦးကို ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က မေ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းနှစ်ပတ်ခန့်က ဆွန်မင်ချန်အမည်ရှိ အမျိုးသားတစ်ဦးကို ကမ်းခြေအပန်းဖြေမြို့ဖြစ်သည့် ပတ္တရားမြို့ရှိ ၎င်း၏ နေအိမ်၌ ချေမှုန်းရေးရိုင်ဖယ်များ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများနှင့် လက်ပစ်ဗုံးများ အပါအဝင် လက်နက်ခဲယမ်းများ အများအပြား သိုလှောင်ထားသော လက်နက်တိုက်တစ်ခုကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့သည် အစပိုင်းတွင် အဆိုပါလက်နက်များ သိုလှောင်ထားမှုမှာ အကြမ်းဖက်ဝါဒနှင့် ဆက်နွှယ်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးခဲ့သော်လည်း၊ နောက်ပိုင်းတွင် အကြမ်းဖက်မှုနှင့် မသက်ဆိုင်ကြောင်း ပယ်ချခဲ့ပြီး ယင်းလက်နက်များသည် အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံအခြေစိုက် ကျားဖျန့်လုပ်ငန်းများနှင့် ဆက်စပ်နေကြောင်း ပြောကြားခဲ့သည်။
ယခုဖမ်းဆီးရမိသည့် သံသယရှိသူများသည် နစ်နာသူများထံမှ ဒေးလာ ၂၅ သန်းခန့် လိမ်လည်ရယူခဲ့သည့် ကျားဖျန့်ကွန်ရက်တစ်ခုနှင့် ဆက်နွှယ်နေကြောင်း ရဲတပ်ဖွဲ့က မေ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
“သိမ်းဆည်းရမိတဲ့ သက်သေအထောက် အထားတွေအရ ဆွန်မင်ချန်ဟာ ကမ္ဘောဒီးယားနိုင်ငံအခြေစိုက် လန်ထျန်း (ရှောင်လန်ဟူသည့်အမည်ဖြင့်လည်း လူသိများ) ဆိုတဲ့ အမျိုးသားဦးဆောင်တဲ့ ကျားဖျန့်ဂိုဏ်းနဲ့ ဆက်စပ်နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသနေပါတယ်” ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဖမ်းဆီးထိန်းသိမ်းခံရသူများထဲတွင် လက်နက်အပိုဆောင်း လက်ဝယ်ထားရှိမှု စွဲချက်များနှင့် ရင်ဆိုင်နေရသည့် ဆွန်ကိုယ်တိုင်အပြင်၊ ၎င်းနှင့်အတူ ပူးတွဲလုပ်ဆောင်ခဲ့သည်ဟု ယုံကြည်ရပြီး အလားတူစွဲချက်များဖြင့် ဖမ်းဆီးခြင်းခံထားရသည့် တရုတ် (တိုင်ပေ) အမျိုးသမီးတစ်ဦးလည်း ပါဝင်သည်။
ထိုင်းနိုင်ငံသားအချို့လည်း ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့ထဲတွင် ဆွန်ထံသို့ လက်နက်များ ထောက်ပံ့ပေးခဲ့သည်ဟု စွပ်စွဲခံထားရသူများနှင့် ဆွန်အတွက် ဟန်ပြလုပ်ငန်းတစ်ခု တည်ထောင်ရာတွင် အသုံးပြုခဲ့သည့် စာရွက်စာတမ်း အတုများ ပြုလုပ်ပေးခဲ့ကြောင်း စွပ်စွဲခံထားရသည့် ထိုင်းအရာရှိ ၃ ဦးလည်း ပါဝင်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ထို့ပြင် ဘဏ်အကောင့်ပေါင်း ၆၀၀ ကျော်ကို အသုံးပြုကာ သားကောင်များကို ပစ်မှတ်ထား လိမ်လည်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် ဆွန်နှင့် ကျားဖျန့်လုပ်ငန်းများကြား ဆက်နွှယ်နေသော ငွေကြေးလွှဲပြောင်းမှုများကိုလည်း ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့ပြီး၊ ယင်းကြောင့် ခန့်မှန်းခြေဆုံးရှုံးမှုပမာဏမှာ ဘတ် ငွေ ၈၁၅ သန်းကျော် (အမေရိကန်ဒေါ်လာ ၂၅ သန်း) ရှိကြောင်း သိရသည်။
အာဏာပိုင်များက အဆိုပါကွန်ရက်သည် ငွေကြေးခဝါချမှုနှင့် တရားမဝင် ခရစ်ပတိုငွေကြေးအရောင်းအဝယ်ပြုလုပ်မှုများ အပါအဝင် အခြားသော ရာဇဝတ်မှုများနှင့် ဆက်နွှယ်မှုရှိ၊ မရှိကိုပါ ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။















