အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ငွေကြေးဖောင်းပွမှုဖြစ်လာမည့် စိုးရိမ်မှုများရှိနေသည့်တိုင် ၂၀၂၆ ခုနှစ် ပထမသုံးလပတ်တွင် ဂျပန်စီးပွားရေး တိုးတက်လာသည်ဟု အစိုးရ ထုတ်ပြန်

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ငွေကြေးဖောင်းပွမှုဖြစ်လာမည့် စိုးရိမ်မှုများရှိနေသည့်တိုင် ၂၀၂၆ ခုနှစ် ပထမသုံးလပတ်တွင် ဂျပန်စီးပွားရေး တိုးတက်လာသည်ဟု အစိုးရ ထုတ်ပြန်
Published 19 May 2026

၂၀၂၆ ခုနှစ် နှစ်စပိုင်း၌ ဂျပန်စီးပွားရေး တိုးတက်မှုသည် မျှော်မှန်းချက်များကို ကျော်လွန်ခဲ့သည်ဟု မေ ၁၉ ရက်တွင် အစိုးရ၏ တရားဝင် ကိန်းဂဏန်းများအရသိရသည်။

သို့သော်လည်း ဝန်ကြီးချုပ်ဆာနာအဲ တာကာအိချိက အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ငွေကြေးဖောင်းပွမှုများဖြစ်လာမည်ကို စိုးရိမ်နေသောကြောင့် အပိုဆောင်းဘတ်ဂျက်ကို အလေးထားစဉ်းစားနေသည်ဟု ဆိုသည်။

ကမ္ဘာ့စတုတ္ထမြောက်အကြီးဆုံး စီးပွားရေးနိုင်ငံဂျပန်၌ ပြည်တွင်းအသားတင်ထုတ်လုပ်မှု(ဂျီဒီပီ)သည် စျေးကွက်ခန့်မှန်းချက်ဖြစ်သည့် ၀  ဒသမ ၄ ရာခိုင်နှုန်းကို ကျော်လွန်ပြီး ၂၀၂၆ ခုနှစ် ပထမသုံးလပတ်တွင် ၀ ဒသမ ၅ ရာခိုင်နှုန်းအထိရှိခဲ့သည်။

ပုဂ္ဂလိက သုံးစွဲမှုနှင့် ကော်ပိုရိတ် ရင်းနှီးမြှုပ်နှံမှုတို့ မြင့်တက်လာခြင်းက ဂျီဒီပီကို မြင့်တက်လာစေခဲ့သည်ဟု အစိုးရအဖွဲ့ရုံးအချက်အလက်များအရ သိရသည်။

ယင်းသည် ၂၀၂၅ ခုနှစ် နောက်ဆုံးသုံးလပတ်တွင် စောစောပိုင်းတုန်းက ဂျီဒီပီ သုည ဒသမ ၃ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းခဲ့ရာမှ ယင်းခန့်မှန်းချက်ကို ပြန်လည်ပြင်ဆင်ခဲ့ပြီးနောက် သုညဒသမ ၂ ရာခိုင်နှုန်းရှိခဲ့သည့် အနေအထားမှ ဂျီဒီပီ မြင့်တက်လာခြင်းဖြစ်သည်။

စားသုံးသူတို့သည် အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် စွမ်းအင်မှသည် ဆန်အထိ အရာရာတိုင်း၏စျေးနှုန်းများ မြင့်တက်လာခြင်းကို ရင်ဆိုင်နေရသောကြောင့် ဝန်ကြီးချုပ်တာ ကာအိချိက စီးပွားရေးတိုးတက်မှုကို အကာအကွယ်ပေးရန် ကြိုးပမ်းမှုအဖြစ် နောက်ဆက်တွဲဘတ်ဂျက်ရေးဆွဲရန် စီမံနေချိန်တွင် အထက်ပါ အချက်အလက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

“အရှေ့အလယ်ပိုင်း အခြေအနေနဲ့ပတ်သက်လို့ မသေချာမှုတွေ ဆက်လက်ဖြစ်ပေါ်နေတာကြောင့် ကုန်စျေးနှုန်းတွေရဲ့လမ်းကြောင်းတွေနဲ့ စီးပွားရေးအပေါ်သက်ရောက်မှုတွေကို အနီးကပ် စောင့်ကြည့်နေဖို့ အရေးကြီးပါတယ်” ဟု အစိုးရ၏ထိပ်တန်းပြောရေး ဆိုခွင့်ရပုဂ္ဂိုလ် မီနိုရုခီဟာရာက မေ ၁၉ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ ထို့အပြင် အန္တရာယ်အနည်းဆုံးဖြစ်စေရန် အစီအစဉ်များအား စဉ်းစားထားရန် တာကာအိချိက ဘဏ္ဍာရေးဝန်ကြီးကို ညွှန်ကြားထားသည်ဟု ဆိုသည်။

Capital Economic ၏မာဆယ်သီ ရယ်လီယန့်က အရှေ့အလယ်ပိုင်းစစ်ပွဲသည် ဂျပန်၏ဂျီဒီပီတိုးတက်မှုကို သက်ရောက်လာနိုင်သည်ဟု သတိပေးခဲ့သည်။

“ဂျပန်စီးပွားရေးဟာ အီရန်စစ်ပွဲကို ခိုင်မာတဲ့ အဟုန်နဲ့ချဉ်းကပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဂျီဒီပီ မြင့်တက်မှုဟာ အခုသုံးလပတ်နဲ့ နောက်လာမယ့် သုံးလပတ်တို့မှာ ရပ်သွားမယ်လို့ ကျွန်တော်တို့ ထင်ပါတယ်” ဟု သူက  ဆိုသည်။

ဂျပန်က ရေနံစျေးမြင့်တက်ခြင်းကို အစိုးရထောက်ပံ့ကြေးများဖြင့် ထိန်းချုပ်ရန် ကြိုးစားနေသည်ဆိုသော်လည်း နောင်လာမည့်လများတွင် လောင်စာစျေးမြင့်တက်မှု၏ သက်ရောက်မှုကို အပြည့်အဝကြုံရနိုင်သည်ဟု သီရယ်လီယန်က ပြောကြားခဲ့သည်။

ဂျပန်ကရေနံသွင်းကုန် ၉၅ ခန့်ကို အရှေ့အလယ်ပိုင်းမှသွင်းနေသည်။ 

Ref:AFP

Most Read

Most Recent