ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံကြီးများမှ ဆရာဝန်ကြီးများ အ-ထ-က (၄) တာမွေတွင် ကွင်းဆင်းကုသခြင်းများပြုလုပ်ပြီး လာရောက်ကုသသူများပြားခဲ့ကြောင်း သိရသည်။
မေ ၁၉ ရက် နံနက် ၈ နာရီမှစတင်ကာ ကုသပေးနေခြင်းဖြစ်ပြီး မွန်းလွဲပိုင်းစာရင်းအရ လူနာ ၇၀၀ ကျော်လာရောက်ကုသခဲ့ကြောင်း၊ ဆေးဝါးများကိုလည်း အခမဲ့ပေးဝေခဲ့ကြောင်း သိရသည်။
“ဒါပေမဲ့ လူနာတွေက တစ်ချို့ဆို သွေးတိုးရောဂါပြရင်းနဲ့ မျက်စိလည်း ဝင်ပြသွားတာတွေရှိတယ်။ တစ်ယောက်ကို အနည်းဆုံး နှစ်ခု၊ သုံးခုလောက်ပြတော့ ပြကြတယ်။ ဆေးဝါးတွေအကုန်လုံးလည်း အခမဲ့ပေးတယ်” ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာတင့်ခိုင်က ပြောကြားသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံချက်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဗဟိုအမျိုးသမီးရောဂါကုဆေးရုံကြီး၊ ရန်ကင်းကလေးဆေးရုံကြီး၊ မျက်စိဆေးရုံကြီး၊ နား၊နှာခေါင်း၊ လည်ပင်းနှင့် ဦးခေါင်းဆေးရုံကြီး၊ စိတ်ကျန်းမာရေးဆေးရုံကြီးနှင့် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးတို့ ပူးပေါင်းဆောင်ရွက်ကာ ကုသမှုများပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီမှာက ရောဂါကတော့ အစုံပဲလာပြကြတယ်။ ဒီမှာက ပြီးခဲ့တဲ့နှစ် ၁၀ လပိုင်းတုန်းက တခါလုပ်တယ်။ ဒါက ဒုတိယအကြိမ်ပေါ့” ဟု ဒေါက်တာတင့်ခိုင်က ပြောကြားသည်။
ကုသစစ်ဆေးပေးခဲ့သည့် အထူးကုဌာနများမှာ အထွေထွေအထူးကုသမားတော်၊ ဆီးချိုနှင့် ဟော်မုန်းအထူးကုသမားတော်၊ ခွဲစိတ်အထူးကု၊ အရိုးအထူးကု၊ စိတ်ကျန်းမာရေးအထူးကု၊ အရေပြားအထူးကု၊ ကိုယ်ဝန်ဆောင်များနှင့် မီးယပ်ရောဂါလူနာများ စစ်ဆေးစမ်းသပ်ခြင်း (OG)၊ သားအိမ်ခေါင်းကင်ဆာ ကြိုတင်စစ်ဆေးခြင်း၊ ကလေးအထူးကု၊ မျက်စိအထူးကု၊ သွားနှင့် ခံတွင်း စစ်ဆေးကုသပေးခြင်း၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု၊ အဆုတ်နှင့် ရင်ခေါင်း ဓာတ်မှန် (X-Ray) ရိုက်ပေးခြင်း (တီဘီ ရောဂါ ရှာဖွေပေးခြင်း)၊ ECG ဆွဲပေးပြီး အဖြေထုတ်ပေးခြင်း၊ Ultrasound (တီဗီဓာတ်မှန်) ရိုက်ပေးပြီး အစရှိသည်တို့ဖြစ်ကြောင်း သိရသည်။















