သတင်းရယူခွင့် ကန့်သတ်ချက်နှင့်ပတ်သက်ပြီး နယူးယောက်တိုင်းမ်စ် သတင်းစာက ပင်တဂွန်ကို ဒုတိယအကြိမ် တရားစွဲ

သတင်းရယူခွင့် ကန့်သတ်ချက်နှင့်ပတ်သက်ပြီး နယူးယောက်တိုင်းမ်စ် သတင်းစာက ပင်တဂွန်ကို ဒုတိယအကြိမ် တရားစွဲ
Published 19 May 2026
Ref: CBS News

နယူးယောက်တိုင်းမ်စ် သတင်းစာသည် ပင်တဂွန် (အမေရိကန်စစ်ဌာနချုပ်) ဝင်းအတွင်း သတင်းထောက်များ သွားလာရာတွင် အစိုးရအရာရှိတစ်ဦးဦးက အစောင့်အကြပ်အဖြစ် လိုက်ပါရမည်ဆိုသည့် သတ်မှတ်ချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ပထမအပိုဒ် (လွတ်လပ်စွာ ပြောဆိုခွင့်နှင့် သတင်းစာလွတ်လပ်ခွင့်) ကို ချိုးဖောက်ရာရောက်သည်ဟုဆိုကာ မေ ၁၈ ရက်တွင် ငါးလအတွင်း ဒုတိယအကြိမ် ထပ်မံတရားစွဲဆိုလိုက်သည်။

ယခုတရားစွဲဆိုမှုတွင် အဆိုပါအစောင့်အကြပ်လိုက်ပါရမည့် မူဝါဒသည် အစိုးရအတွက် အဆင်မပြေသည့် သတင်းဖော်ပြမှုများကို ဟန့်တားရန် ရည်ရွယ်ပြီး တစ်ဆင့်ထက်တစ်ဆင့် ပိုမိုတင်းကျပ်လာသည့် လုပ်ရပ်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကာ ကာလရှည်ကြာ ရရှိထားသည့် သတင်းရယူခွင့်ကို သိသိသာသာ ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း စွပ်စွဲထားသည်။

ပင်တဂွန်ဘက်ကလည်း အဆိုပါတရားစွဲဆိုမှုသည် လျှို့ဝှက်ချက်များကို ရယူနိုင်ရန် အတားအဆီးများကို ဖယ်ရှားပစ်သည့် ကြိုးပမ်းမှုသက်သက်သာဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

နယူးယောက်တိုင်းမ်စ် သတင်းစာသည် ပြီးခဲ့သည့် ဆောင်းဦးရာသီက ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ် ချမှတ်ခဲ့သည့် စည်းမျဉ်းများနှင့်ပတ်သက်၍ ၂၀၂၅ ဒီဇင်ဘာတွင် ပင်တဂွန်ကို ပထမအကြိမ် တရားစွဲဆိုခဲ့ဖူးသည်။

အဆိုပါ စည်းမျဉ်းဟောင်းတွင် စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များထံမှ ထိလွယ်ရှလွယ် သတင်းအချက်အလက်များကို တောင်းခံသူ သတင်းထောက်များကို လုံခြုံရေးအရ အန္တရာယ်ရှိသူဟု သတ်မှတ်ကာ ပင်တဂွန်ဝင်းအတွင်းမှ နှင်ထုတ်နိုင်ကြောင်း ဖော်ပြထားရာ CBS ၊ ABC ၊ NBC၊ CNN နှင့် Fox News အပါအဝင် သတင်းဌာနအများအပြားက ယင်းမူဝါဒကို လက်မှတ်ထိုးရန် ငြင်းဆန်ခဲ့ကြပြီး ပင်တဂွန်မှ ထွက်ခွာခဲ့ကြရသည်။

ကိုလံဘီယာခရိုင် တရားရုံးတွင် နယူးယောက်တိုင်းမ်စ် သတင်းစာနှင့် သတင်းထောက် ဘန်းစ်တို့ ပူးတွဲတင်သွင်းခဲ့သည့် ယခုအမှုသစ်သည် အဆိုပါ အစောင့်အကြပ် လိုက်ပါရမည့် စည်းမျဉ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကြောင်းပြချက်များဖြင့် တရားရုံးက တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။

 

Most Read

Most Recent