လာလီဂါမှာ တစ်ရာသီအတွင်း အိမ်ကွင်း(၁၉)ပွဲစလုံး အနိုင်ရရှိတဲ့ ပထမဆုံးအသင်းအဖြစ် ဘာစီလိုနာ မှတ်တမ်းဝင်

လာလီဂါမှာ တစ်ရာသီအတွင်း အိမ်ကွင်း(၁၉)ပွဲစလုံး အနိုင်ရရှိတဲ့ ပထမဆုံးအသင်းအဖြစ် ဘာစီလိုနာ မှတ်တမ်းဝင်
Photo: X
Photo: X
Published 18 May 2026

ဘာစီလိုနာအသင်းဟာ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါအိမ်ကွင်းပွဲမှာ ဘက်တစ်အသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ဒီရာသီမှာ လာလီဂါအိမ်ကွင်း (၁၉)ပွဲစလုံး ရာနှုန်းပြည့်အနိုင်ရရှိခဲ့ပါတယ်။

ဒါကြောင့် လာလီဂါမှာ ပြိုင်ပွဲဝင်အသင်း(၂၀)နဲ့ ယှဉ်ပြိုင်ကစားတဲ့ကာလအတွင်း အိမ်ကွင်း(၁၉)ပွဲစလုံး အနိုင်ရရှိအောင် စွမ်းဆောင်နိုင်တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

လာလီဂါမှာက ၁၉၉၇ မတိုင်ခင်အထိ ပြိုင်ပွဲဝင်အသင်းအရေအတွက် အပြောင်းအလဲတွေ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ဖူးပြီး ၁၉၉၇-၉၈ ရာသီကနေ လက်ရှိအချိန်အထိကတော့ အသင်း(၂၀)နဲ့သာ ကျင်းပခဲ့တာပါ။

ဘာစီလိုနာအသင်းက ပြိုင်ပွဲဝင်အသင်း(၁၆)သင်းသာ ပါဝင်ခဲ့တဲ့ ၁၉၅၉-၆၀ ရာသီတုန်းကလည်း လာလီဂါအိမ်ကွင်း(၁၅)ပွဲစလုံး အနိုင်ရခဲ့ဖူးပြီး အခု အဲဒီရာသီနောက်ပိုင်း ပထမဆုံးအကြိမ် စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ပြိုင်ပွဲဝင်အသင်း (၁၈)သင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ၁၉၈၅-၈၆ ရာသီတုန်းက ရီးယဲလ်အသင်း အိမ်ကွင်း(၁၇)ပွဲစလုံး အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် စွမ်းဆောင်နိုင်တဲ့အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းက ကွင်းသစ်ဆောက်လုပ်နေမှုကြောင့် ဒီရာသီမှာ ကွင်း(၃)ကွင်းကို အိမ်ကွင်းအဖြစ် ပြောင်းလဲအသုံးပြုခဲ့ရပြီး ထူးခြားတဲ့ စံချိန်မှတ်တမ်းသစ် ရယူနိုင်ခဲ့တာပါ။

Most Read

Most Recent