ဟော်မုဇ်ရေလက်ကြားတွင် အမေရိကန်ဖျက်သင်္ဘောသုံးစင်းကို အီရန်ကတိုက်ခိုက်ခဲ့သော်လည်း အပစ်အခတ်ရပ်စဲရေး အသက်ဝင်နေဆဲဟု အမေရိကန်သမ္မတ ပြောကြား

ဟော်မုဇ်ရေလက်ကြားတွင် အမေရိကန်ဖျက်သင်္ဘောသုံးစင်းကို အီရန်ကတိုက်ခိုက်ခဲ့သော်လည်း အပစ်အခတ်ရပ်စဲရေး အသက်ဝင်နေဆဲဟု အမေရိကန်သမ္မတ ပြောကြား
Published 8 May 2026
Ref:AFP

ဟော်မုဇ်ရေလက်ကြားတွင် အမေရိကန်ဖျက်သင်္ဘောသုံးစင်းကို အီရန်ကတိုက်ခိုက်ခဲ့သည့်တိုင် အီရန်နှင့်အပစ်အခတ်ရပ်စဲရေးသည် ဆက်လက်တည်ရှိနေသည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ပြောကြားခဲ့ သည်။

ဟော်မုဇ်ရေလက်ကြားတွင် အမေရိကန် သင်္ဘောသုံးစင်းတိုက်ခိုက်ခံရသဖြင့် အပစ်အခတ်ရပ်စဲရေး ယိမ်းယိုင်လာပြီဆိုသည့် စိုးရိမ်မှုများကို မြင့်တက်လာစေခဲ့သည်။

တုံ့ပြန်သည့်အနေဖြင့် အီရန်ပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်ဟု အမေရိကန်စစ်တပ်က ပြောကြားခဲ့သည်။ သို့သော်လည်း အမေရိကန်က အပြန်အလှန်ပစ်ခတ်မှုကို စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အီရန်က ပြောကြားခဲ့သည်။

နောက်ဆုံးဖြစ်ပွားသော အပြန်အလှန် ပစ်ခတ်မှုက ဧပြီ ၈ ရက် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် အသက်ဝင်ခဲ့ပြီးနောက် တဲတဲဖြစ်နေသော အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားရန် ခြိမ်းခြောက်လျက်ရှိသည်။ ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကိုတိုက်ခိုက်ခဲ့သဖြင့် အီရန်စစ်ပွဲစတင်ခဲ့သည်။ အီရန်ကတုံံ့ပြန်သည့်အနေဖြင့် အရှေ့အလယ်ပိုင်းရှိ အမေရိကန်မဟာမိတ်နိုင်ငံများကို တိုက်ခိုက်ခဲ့သဖြင့် အီရန်စစ်ပွဲကို အရှေ့အလယ်ပိုင်းစစ်ပွဲဟု ခေါ်ခဲ့ကြသည်။ ထို့အပြင် အီရန်က မဟာဗျူကျသော ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားလိုက်သောကြောင့် ကမ္ဘာ့ရေနံအကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့သည်။

ယူအေအီးကလည်း အီရန်ဘက်မှလာသော ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများကို မိမိ၏လေကြောင်းကာကွယ်ရေးဖြင့် ဟန့်တားခဲ့သည်ဟု မေ ၈ ရက်တွင် ပြောကြားခဲ့သည်။

မေ ၇ ရက်တွင် ၀ါရှင်တန်က သတင်းထောက်က အီရန်နှင့်အပစ်အခတ်ရပ်စဲရေး  အသက်ဝင်နေခြင်းရှိမရှိ သမ္မတဒေါ်နယ် ထရန့်ကို မေးမြန်းသည့်အခါ သမ္မတက “အသက်ဝင်နေဆဲပါ။သူတို့က ဒီနေ့မှာ ကျွန်တော်တို့နဲ့ ပြဿနာ နည်းနည်းတက်ပါတယ်။ ကျွန်တော်တို့က အဲဒီအသေးအဖွဲတွေကို ရှင်းထုတ်ပစ်ပါတယ်။ သူတို့က အသေးအဖွဲတွေပါ။ ကျွန်တော်ကတော့ အဲဒါကို အသေးအဖွဲလို့ပဲ ပြောပါမယ်” ဟု ထရန့်က ဖြေခဲ့သည်။

အီရန်တပ်ဖွဲ့များက အမေရိကန်စစ် သင်္ဘောသုံးစင်းကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် ပစ်ခဲ့ပြီး အမြန်ရေယာဉ်ငယ်များကိုလည်း စေလွှတ်ခဲ့သည်ဟု အမေရိကန်ဗဟိုကွပ်ကဲရေးဌာန (CENTCOM) က X တွင် ပို့စ်တင်ခဲ့သည်။ သို့သော်လည်း အမေရိကန်စစ်သင်္ဘောများကို မည်သည့်အရာမျှ ထိမှန်ခဲ့ခြင်းမရှိဟု ဆိုသည်။ ဝင်လာသော ခြိမ်းခြောက်မှုများကို ရှင်းလင်းခဲ့ပြီး တိုက်ခိုက်သည့် အီရန်စစ်ဘက်အဆောက်အအုံများကို ပစ်မှတ်ထားခဲ့သည်ဟု ဆိုသည်။

“CENTCOM ဟာ ပဋိပက္ခဖြစ်စေဖို့ ကြိုးပမ်းတာမျိုးမရှိပါဘူး။ ဒါပေမဲ့ အမေရိကန်တပ်ဖွဲ့တွေကို အကာအကွယ်ပေးဖို့ ဆက်လက်နေရာယူထားဆဲပါ။ အသင့်ပြင်ထားဆဲပါ” ဟု X တွင် ဖော်ပြထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အီရန်ဗဟို စစ်ဘက်ကွပ်ကဲရေးက ပြောကြားရာတွင် အမေရိကန်သည် ရေနံတင်သင်္ဘောနှင့် နောက်ထပ်သင်္ဘောတစ်စင်းတို့ကို တိုက်ခိုက်ခြင်းအားဖြင့် အပစ်အခတ်ရပ်စဲရေးကို  ချိုးဖောက်သည်ဟု စွပ်စွဲခဲ့ပြီး အီရန်တပ်ဖွဲ့များက တုံ့ပြန်ခဲ့သည်ဟုဆိုသည်။

 

Most Read

Most Recent