တောမီးလောင်ကျွမ်းမှု လေ့လာစောင့်ကြည့်ရေးအတွက် ကွန်ပျူတာစနစ် တပ်ဆင်ခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာသင်တန်းကို တောင်ကြီးမြို့တွင် ထိုင်းဘုရင့်တပ်မတော်နယ်စပ်ရေးရာဌာန၏ ကူညီမှုဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ထိုအခမ်းအနားကို တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် မေလ ၇ ရက် မနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကာ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၊ နယ်စပ်ရေးရာဌာနမှ ညွှန်ကြားရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ချွမ်ဖော့ နရက်ကော့ ဦးဆောင်သည့် ကိုယ်စားလှယ်များ ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရှမ်းပြည်နယ် လွှတ်တော်ဒုတိယ ဥက္ကဌ ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စာရင်းစစ်ချုပ်၊ တိုင်းဦးစီးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
“ဒီနေ့ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ နယ်စပ်ရေးရာဌာနကနေ မြန်မာနိုင်ငံကို တောမီးလောင်ကျွမ်းမှု လေ့လာစောင့်ကြည့်ရေးအတွက် ကွန်ပျူတာစနစ်တပ်ဆင်ပေးတယ်။ နည်းပညာဆိုင်ရာ စီမံခန့်ခွဲမှု ဆိုင်ရာ သင်တန်းတွေကို ဖွင့်လှစ်မှာ ဖြစ်တယ်။ ကွန်ပျူတာ ဆက်စပ်ပစ္စည်းများ ပေးအပ်ခြင်း နှင့် အတူ သင်တန်း ဖွင့်လှစ်ခြင်းကိုလည်း ၇ ရက် ကနေ ၈ ရက် အထိ ၂ ရက် ဆောင်ရွက်ကြမှာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ထိုင်းမြန်မာ နယ်ခြားမှာ ဖြစ်ပေါ်နေတဲ့ တောမီး လောင်ကျွမ်းမှုတွေကို ထိန်းချုပ်ရေး တွေကို ပူးပေါင်းဆောင်ရွက်ကြဖို့အတွက် ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။ ဆက်လက်ပြီး နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ထိန်းချုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်မှာဖြစ်ပါတယ်။အထူးသဖြင့် မီးခိုးမြူငွေ့ ပြဿနာပေါ့၊ ပွင့်လင်းရာသီမှာ စိုက်ပျိုးရေး စွန့်ပစ် ပစ္စည်းတွေကို မီးရှို့ကြတယ်။ တောမီးလောင်ကျွမ်းမှု ဖြစ်စဉ်တွေကြောင့်မို့ တောမီးလောင်ကျွမ်းမှု ဖြစ်ပေါ်နေတာပါ။ ထိုင်းဘက်ပဲ ဖြစ်စေ၊ မြန်မာဘက်ပဲဖြစ်စေ၊ တောမီးလောင်ကျွမ်းမှုတွေ နယ်စပ်ဖြတ်ကျော် သက်ရောက်မှု တွေ ရှိတဲ့အတွက် ပြည်သူတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့အတွက် ထိန်းချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေရခြင်း ဖြစ်ပါတယ်”ဟု ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ၊ ဒုတိယ ညွှန်ကြာေးရးမှူး ဦးလမင်းသန်း က ပြောသည်။
မီးခိုးမြူငွေ့ ထိန်းချုပ်ရေး အတွက် ဆက်စပ်ဌာနများ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၊ သစ်တောဦးစီးဌာန ၊ မီးသတ်ဦးစီးဌာန ၊ စိုက်ပျိုးရေး ဦးစီး ဌာန ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန တို့ကို သင်တန်းပေးခြင်း ဖြစ်ကာ သင်တန်းသား ၁၄ ယောက် တို့ကို မေလ (၇) ရက် နှင့် (၈) ရက် တို့တွင် သင်တန်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အနေဖြင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှု ထိန်းချုပ်ရေး လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာ-ထိုင်း နယ်နိမိတ် ဖြတ်ကျော် မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်း ဆောင်ရွက်ရေး ကော်မတီကိုလည်း ၂၀၂၄ ခုနှစ် ဇွန်လ ၁၄ ရက်တွင် အဖွဲ့ဝင် ၂၄ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
■ စည်သာ(တောင်ကြီး)















