■ မုဒုံမြို့နယ် ကမာဝက်မြို့ဒေသခံတစ်ဦး အသတ်ခံရပြီး ပစ္စည်းများ လုယက်ခံရ

■ မုဒုံမြို့နယ် ကမာဝက်မြို့ဒေသခံတစ်ဦး အသတ်ခံရပြီး ပစ္စည်းများ လုယက်ခံရ
Published 5 May 2026

မုဒုံမြို့နယ် ကမာဝက်မြို့ဒေသခံတစ်ဦး အသတ်ခံရပြီး ပစ္စည်းများ လုယက်ခံရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ပြီးခဲ့သည့် မေ ၃ ရက် ည ၇ နာရီအချိန်ခန့်က ကမာဝက် - ဖယ်ဒို ကျေးရွာချင်းဆက်လမ်း ဇီးပင်လမ်းအနီးတွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် ကမာဝက်မြို့နေ ကိုဖိုးသူတော်ဆိုသူ၏ ရုပ်အလောင်းအား တွေ့ရှိခဲ့ကြရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ကိုဖိုးသူတော်က သူ့ရဲ့အဖေကို စက်သုံးဆီဆိုင်ကို ဆိုင်ကယ်နဲ့ သွားပို့ပြီး နေအိမ်ကို ပြန်ရောက်မလာလို့ လိုက်ကြည့်ကြတော့မှ ဇီးပင်လမ်းအနီးမှာ ကိုဖိုးသူတော်ရဲ့ ရုပ်အလောင်းကို တွေ့ကြရတာပါ” ဟု ပြောကြားသည်။

ကိုဖိုးသူတော် စီးနင်းလာသည့် မော်တော်ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်း အပါအဝင် ပစ္စည်းများလည်း ပျောက်ဆုံးနေကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ ၂၇ ရက် ည ၇ နာရီအချိန်ခန့်ကလည်း မုဒုံမြို့နယ် ကမာဝက်မြို့၊ ဖယ်ဒိုကျးရွာနေ ဦးဟလယ်ပိုင် (ခ) ဦးညွန့်သိန်းဆိုသူ၏ နေအိမ်သို့ ဆိုင်ကယ် သုံးစီးနှင့် လက်နက်ကိုင်  ခြောက်ဦး ရောက်ရှိလာပြီး ဦးဟလယ်ပိုင်အား သေနတ်ဖြင့်ပစ်သတ်ကာ ငွေကျပ်သိန်း ၄၀၀ နှင့် ရွှေထည်ပစ္စည်းများအပြင် ဆိုင်ကယ် နှစ်စီးကိုလည်း လုယက်ယူဆောင်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

 

Most Read

Most Recent