■ လစာမရ၍ အလုပ်ရှင်ကို သတ်ဖြတ်ခဲ့သည့် မြန်မာလုပ်သားလေးဦး ထိုင်းနိုင်ငံတွင် အဖမ်းခံရ

■ လစာမရ၍ အလုပ်ရှင်ကို သတ်ဖြတ်ခဲ့သည့် မြန်မာလုပ်သားလေးဦး ထိုင်းနိုင်ငံတွင် အဖမ်းခံရ
Published 5 May 2026

ချင်းမိုင်ခရိုင်၊ မယ်ရင်မြို့နယ်ရှိ အလုပ်သမားတန်းလျားတစ်ခုတွင် အလုပ်ရှင်ဖြစ်သူအား ဓားဖြင့်ထိုးသတ်ခဲ့သည့် မြန်မာလုပ်သားလေးဦးကို မေ ၂ ရက် မွန်းလွဲပိုင်းက ချင်းရိုင်ခရိုင်တွင် နယ်စပ်ဖြတ်ကျော် ထွက်ပြေးရန် ပြင်ဆင်နေစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။

အသက် ၄၉ နှစ်အရွယ် အလုပ်ရှင် ရှမ်းတိုင်းရင်းသား ဦးဆွန်ချိုင်းကို သတ်ဖြတ်မှုဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ပြီး မေ ၁ ရက် နံနက်အစောပိုင်း ၂ နာရီခန့်တွင် ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်သည်။

အလုပ်ရှင် အိပ်ပျော်နေစဉ် နှစ်ဦးက လည်ပင်းကို လှီးဖြတ်၍ ဓားဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်ကာ ကျန်နှစ်ဦးက လူကြည့်ကင်းစောင့်ပေးခဲ့ကြကြောင်း စုံစမ်းစစ်ဆေးမှုများအရ သိရသည်။ အခင်းဖြစ်ပွားပြီးနောက် လေးဦးစလုံး အလုပ်သမားတန်းလျားမှ ထွက်ပြေးတိမ်းရှောင်ခဲ့သော်လည်း ချင်းရိုင်ရဲတပ်ဖွဲ့က ၎င်းတို့ကို ဖမ်းမိခဲ့သည်။

ဖမ်းဆီးခံရသူများ၏ ထွက်ဆိုချက်အရ အလုပ်ရှင်ဖြစ်သူသည် လုပ်အားခများကို ပုံမှန်မပေးဘဲ ရံဖန်ရံခါမှသာ ပေးလေ့ရှိခြင်း၊ တောင်းသည့်အခါတွင်လည်း ငြင်းဆိုခြင်းများ ပြုလုပ်သဖြင့် ယခုကဲ့သို့ စုပေါင်းကြံစည်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့ကြသည်။ လက်ရှိတွင် တရားခံလေးဦးကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန် ချင်းရိုင်ရဲတပ်ဖွဲ့က မယ်ရင်မြို့နယ် ရဲစခန်းသို့ လွှဲပြောင်းပေးထားသည်။

ဘန်ကောက်တွင်လည်း အမေရိကန်နိုင်ငံသားတစ်ဦးအား သတ်ဖြတ်ခဲ့မှုဖြင့် မြန်မာလုပ်သားလေးဦးကို ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာ၌ပင် ဖမ်းဆီးရမိခဲ့သည်။ သေဆုံးသူ အမေရိကန်နိုင်ငံသားက တရားခံတစ်ဦး၏ ညီမကို နှောင့်ယှက်စော်ကားခဲ့သည့်အတွက် လက်စားချေ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ၁၀ လက်မရှည် ဓားတစ်လက်နှင့် တစ်မီတာခန့်ရှိ သံတုတ်တို့ကိုလည်း သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခဲ့သည်။

Ref: Thaiger

Photo: Thairath

 

Most Read

Most Recent