ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့်အနုပညာရှင်များ ပြန်လည်လွတ်မြောက်လာသော်လည်း ဒါရိုက်တာ မိုက်တီးမှာ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရှိရသည်။
ဧပြီ ၃၀ ရက် ကဆုန်လပြည့်နေ့တွင် အကျဉ်းထောင် အချုပ်ထောင်အသီးသီးတွင် အကျဉ်းကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသာသူ ၁၅၀၈ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း
နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၅၁ / ၂၀၂၆ ဖြင့်ထုတ်ပြန်ခဲ့သည်။ အဆိုပါလွတ်ငြိမ်းဖြင့် ပြန်လည်လွတ်မြောက်လာသည့် အနုပညာရှင်များအနက် ဒါရိုက်တာ နှစ်ဦးမှာ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်၊ ဒါရိုက်တာအောင်ချမ်းလူ တို့ဖြစ်ပြီး သရုပ်ဆောင်ကျော်ဝင်းထွဋ်နှင့် ဟာသသရုပ်ဆောင်
အုန်းဒိုင်းတို့လည်း ပြန်လည်လွတ်မြောက်လာခဲ့သည်ဟု ရုပ်ရှင်အသိုင်းအဝိုင်းမှ သိရသည်။
၎င်းတို့ လေးဦးမှာ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာ လကုန်ပိုင်းတွင် သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ တရားရုံးများတွင် အမြင့်ဆုံးထောင်ဒဏ်များ ချမှတ်ခံခဲ့ရခြင်းဖြစ်ပြီး လက်ရှိတွင် ဒါရိုက်တာ မိုက်တီးမှလွဲပြီး ကျန်သူများမှာ ပြန်လည်လွတ်မြောက်လာခြင်းလည်းဖြစ်သည်။
ဒါရိုက်တာ မိုက်တီး၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်နှင့် ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့မှာ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် ၎င်းတို့၏ နေအိမ်အသီးသီးတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ယင်းတို့အနက် ဒါရိုက်တာ မိုက်တီး (ခ) သန်းထွန်းဇော်သည် ၂၀၂၁ ခုနှစ်တွင် လူမှုကွန်ရက်မီဒီယာမှတစ်ဆင့် နိုင်ငံတော်အစိုးရအပေါ် ဝေဖန်ရေးသားခဲ့သောကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်အရေးယူခြင်းခံခဲ့ရပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်တွင် နိုင်ငံတော်အစိုးရမှ “နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါဆက်လက်ကျခံပါမည်”ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခဲ့သူဖြစ်ကြောင်းစိစစ်တွေ့ရှိရသဖြင့် ၎င်းအား ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကိုနှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေဖြင့် အရေးယူနိုင်ရေးအပြင် ယခင်လွတ်ငြိမ်းခွင့်ပြုခဲ့သော ပြစ်ဒဏ်အားပြန်လည်ကျခံစေရေး ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သက်ဆိုင်ရာက ထုတ်ပြန်ခဲ့သည်။
ယင်းနောက် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်တွင် ဟာသသရုပ်ဆောင် အုန်းဒိုင်းကို ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တရားရုံး ၊ နိုဝင်ဘာ ၂၇ ရက်တွင် ဒါရိုက်တာမိုက်တီးကို ရန်ကင်းမြို့နယ်တရားရုံးနှင့် နိုဝင်ဘာ ၂၈ ရက်တွင် သရုပ်ဆောင်ကျော်ဝင်းထွဋ်တို့ကို ဗဟန်းမြို့နယ်တရားရုံး၌ အမိန့်ချခဲ့ကြောင်း သိရသည်။
ဒါရိုက်တာ မိုက်တီး(ခ)သန်းထွန်းဇော်သည် ၂၀၂၁ ခုနှစ်တွင် လူမှုကွန်ရက်မီဒီယာမှတစ်ဆင့် နိုင်ငံတော်အစိုးရအပေါ် ဝေဖန်ရေးသားခဲ့သောကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့်
အမှုဖွင့်လှစ်အရေးယူခြင်းခံခဲ့ရပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိခဲ့သူဖြစ်သည်။
ယင်းနောက် ဒါရိုက်တာ မိုက်တီး(ခ)သန်းထွန်းဇော်သည် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ရွေးကောက်ပွဲအသိပညာပေးဇာတ်လမ်းနှင့်ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့သော အနုပညာရှင်များအား လူမှုကွန်ရက်မှတစ်ဆင့် မဟုတ်မမှန်ဝေဖန်ရေးသား၍ ရွေးကောက်ပွဲအပေါ် ပြည်သူလူထုမှအထင်အမြင်လွဲမှားစေရန် လှုံ့ဆော်ခဲ့မှုဖြင့်
ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်နှင့် ဟာသသရုပ်ဆောင်အုန်းဒိုင်းတို့နှင့်အတူ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေဖြင့်
အရေးယူခံရပြီး ထောင်ဒဏ်ခုနစ်ချမှတ်ခံထားရခြင်းဖြစ်သည်။
ထို့ပြင် ဒါရိုက်တာမိုက်တီး (ခ) သန်းထွန်းဇော်သည် ယခင်ကလည်း မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံခဲ့ရဖူးပြီး ၂၀၁၈ ခုနှစ် သြဂုတ်တွင် ဒုတိယအကြိမ် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရကာ
ထောင်ဒဏ်ငါးနှစ်မှ ၁၀ နှစ်အထိ ကျခံနိုင်သည့် မူးယစ်ပုဒ်မ ၁၆ (ဂ) ဖြင့် တရားစွဲဆိုခံရပြီး ဖမ်းဆီးခံထားရစဉ်အတွင်း အများကဲ့သို့ အချုပ်ထောင်ဆေးရုံများတွင် ကုသမှုခံယူရခြင်းမဟုတ်ဘဲ စစ်ဆေးရုံတွင်တက်ရောက်ကုသမှုခံယူခဲ့ကာ အူမကြီးကင်ဆာခံစားရသဖြင့် အာမခံလျှောက်ထား၍ ၂၀၁၉ ခုနှစ် ဇန်နဝါရီတွင် အာမခံဖြင့် ပြန်လည်လွတ်မြောက်ခဲ့ဖူးသည်။
ယခုအကြိမ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် ဒါရိုက်တာမိုက်တီး ပါဝင်ခြင်းမရှိသေးသည့်အကြောင်းကို မသိရှိရသေးသော်လည်း ၎င်းမှာ ယခင်က ပုဒ်မ ၅၀၅-က ဖြင့် လွတ်ငြိမ်းခွင့်ပြုလိုက်ရာတွင်
နောက်တကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ယခုပြစ်ဒဏ်အပါအဝင် ကျန်ရှိနေသည့် ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဆိုသည့် စည်းကမ်းချက်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့သူဖြစ်ခဲ့သည်။
■ ပုံစာ- ၂၀၁၈ ခုနှစ်က မူးယစ်မှုဖြင့် ဖမ်းဆီးခံရသည့် ဒါရိုက်တာမိုက်တီးကို ရုံးထုတ်လာစဉ်။















