မွန်ပြည်နယ်အတွက် စက်သုံးဆီတင်သွင်းသိုလှောင်ရောင်းချခွင့် တင်ဒါ ရထားသူကိုယ်တိုင် စက်သုံးဆီအား တရားမဝင် မှောင်ခိုရောင်းချနေသည့်အတွက်ကြောင့် တာဝန်ရှိသူများအား ဖမ်းဆီးအရေးယူထားဟုဆို
မွန်ပြည်နယ်အတွက် စက်သုံးဆီတင်သွင်းသိုလှောင်ရောင်းချခွင့် တင်ဒါ ရထားသူကိုယ်တိုင် စက်သုံးဆီအား တရားမဝင် မှောင်ခိုရောင်းချနေသည့်အတွက်ကြောင့် တာဝန်ရှိသူများအား ဖမ်းဆီးအရေးယူထားကြောင်း မွန်ပြည်နယအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးဇေယျာဦး က Eleven Media သို့ပြောကြားသည်။
ပြီးခဲ့သည့် ဧပြီလ (၁၄) ရက်နေ့က ရက်နေ့နံနက်ပိုင်းတွင် မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာရှိ Puma Power International Port Terminal (PPIPT) ဆိပ်ကမ်းရှိ ဓါတ်ဆီ (92 Rom/ 95 Rom) ဖြန့်ဖြူးမှု လုပ်ငန်း ဆောင်ရွက်နေသည့် ဆီဖြည့်ပွိုင့်ဝန်ထမ်း (၆) ဦးမှ ဖြန့်ဖြူးမှုလုပ်ငန်းများ ဆက်လက်လုပ်ကိုင်လိုခြင်းမရှိတော့ဘဲ အလုပ်မှ နုတ်ထွက်မည့်ဖြစ်ရပ်ဖြစ်ပေါ်ခဲ့ခြင်းကြောင့် မွန်ပြည်နယ်အတွင်း စက်သုံးဆီဖြန့်ဖြူးမှုရပ်တန့်နိုင်မည့် အခြေအနေဖြစ်ပေါ်ခဲ့ပါသဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့မှ အဆိုပါကိစ္စအား ပြေလည်စေရေးနှင့် စက်သုံးဆီ ဖြန့်ဖြူးမှုလုပ်ငန်းအား ရပ်တန့်မှုမဖြစ်ပေါ်စေရေးတို့အတွက် ညှိနှုန်းဆောင်ရွက်ရန်အတွက် မွန်ပြည်နယ် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန၊ အလုပ်သမားညွန်ကြားရေးဦးစီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ တို့ပါဝင်သော အဖွဲ့အား Puma Power International Port Terminal (PPIPT) ဆိပ်ကမ်းသို့ စေလွှတ်၍ ဖြေရှင်းဆောင်ရွက်ခဲ့ကြရသည်။
ထိုသို့ Puma Power International Port Terminal (PPIPT) တွင် စက်သုံးဆီဖြန့်ဖြူးခြင်း ရပ်တန့်မှုမရှိစေရေးအတွက် အဓိကဦးတည်ညှိနှိုင်းဆောင်ရွက်ခဲ့ရာတွင် Puma Power International Port Terminal (PPIPT) ဆိပ်ကမ်းတွင် လုပ်ငန်းကိစ္စအားလုံးအား တစ်ဦးတည်း ဦးဆောင်စီမံခန့်ခွဲနေသော ပိုင်ရှင်ဖြစ်သူ ဦးညီညီထွေး မှာ လက်ရှိအချိန်တွင် စက်သုံးဆီအား တရားမဝင်မှောင်ခိုရောင်းချသည့် အမှုကိစ္စများကြောင့် စီမံလုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းမရှိသည့်အခြေအနေတွင် PPIPT တွင် ၎င်းကိုယ်စား ဦးဆောင်စီမံဆောင်ရွက်နိုင်သူမရှိခြင်း၊ PPIPT ၏ဖြန့်ဖြူးမှုအပိုင်းအပါအဝင် ကျန်ရှိသော အပိုင်းကဏ္ဍများတွင် တာဝန်ယူဆောင်ရွက်နေသူများမှ တာဝန်ခံ၍ လုပ်ငန်းမဆောင်ရွက်ရဲတော့ဘဲ စိုးရိမ်စိတ်များဖြင့် ဖိအားများရင်ဆိုင်နေရခြင်း၊ ဓါတ်ဆီ (92 Rom/ 95 Rom) ဖြန့်ဖြူးပေးနေသည့်အပိုင်း၌ ပုံမှန်အခြေအနေတွင် ဝန်ထမ်း (၈) ဦးဖြင့် လုပ်ငန်းဆောင်ရွက်နေသော်လည်း လက်ရှိအချိန်တွင် ကျန်ရှိသော ဝန်ထမ်း (၂) ဦး အခြားတာတန်မှ ခေါ်ယူထားသည့် ဝန်ထမ်း (၂) ဦး၊ မီးစက်ဝန်ထမ်း (၁) ဦး၊ jetty ဝန်ထမ်း (၁) ဦး စုစုပေါင်း ဝန်ထမ်း (၄) ဦးသားရှိပြီး ထပ်မံ၍ အနည်းဆုံးဝန်ထမ်း (၃) ဦး မဖြစ်မနေလိုအပ်လျက်ရှိခြင်း၊ နှင့် ယခုအခက်အခဲများဖြစ်ပေါ်နေသော ဓါတ်ဆီ (92 Rom/ 95 Rom) ဖြန့်ဖြူပေးနေသည့်အပိုင်း၌ အနည်းဆုံးထပ်မံလိုအပ်လျက်ရှိသော ဝန်ထမ်း (၃) ဦးအား လတ်တလောတွင် PPIPT အနေဖြင့် ဆောလျင်စွာ ဖြည့်တင်းခန့်ထားနိုင်မှုမရှိခြင်းဖြစ်ပေါ်နေကြောင်း မွန်ပြည်နယ် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန၏ အစီရင်ခံစာအရ သိရသည်။
ထိုအခြေအနေများကြောင့် ယမန်နေ့ ဧပြီလ (၁၈) ရက်နေ့ နံနက်ပိုင်းအချိန်က မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခြင်းများလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ထိုအခြေအနေနှင့် ပတ်သက်ပြီး မွန်ပြည်နယအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးဇေယျာဦး က “လုပ်ငန်းတွေပုံမှန်လည်ပတ်လို့ရမရ သွားရောက်စစ်ဆေးခဲ့ကြတာပါ။ Terminal ဘက်က အာမခံပြီး ဆက်လုပ်နေတာမျိုးဆိုတော့ ဘာမှတော့ အပြောင်းအလဲမရှိပါဘူး။ ပုံမှန်အတိုင်း လုပ်ဆောင်နေကြပါတယ်” ဟု ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ဝန်ထမ်းတွေမရှိဘူးဆိုတာက သင်္ကြန်ရက်မှာ ဝန်ထမ်းတွေပြန်ကြလို့ ကျနော်တို့က ဝန်ထမ်းတွေကို ဖြည့်ပေးလိုက်ပါတယ်။ အခုလည်း သင်္ကြန်ကာလပြီးပြီဆိုတော့ ဝန်ထမ်းတွေလည်း ပြန်လာကြမှာပါ။ ပြဿနာအနေနဲ့မဟုတ်ပါဘူး” ဟု ပြောကြားသည်။
လက်ရှိတွင် မွန်ပြည်နယ်၌ သတ်မှတ်ထားသည့် စက်သုံးဆီ ရည်ညွန်းဈေးနှုန်းဈေးအတိုင်းသာရောင်းချပေးနေ ကြောင်း၊ စက်သုံးဆီအရောင်းဆိုင်များက တရားမဝင် မှောင်ခို ရောင်းနေကြသည်များလည်းရှိကြောင်း၊ စက်သုံးဆီတင်သွင်းခွင့်ရထားသူကိုယ်တိုင်က စက်သုံးဆီမှောင်ခို ရောင်းနေသည်ကို စိစစ်အရေးယူမှုများ လုပ်ဆောင်နေကြောင်းနှင့် တာဝန်ရှိသူများကိုလည်းဖမ်းထားပါကြောင်း ဦးဇေယျာဦး ကပြောကြားသည်။
Puma Power International Port Terminal (PPIPT) ပိုင်ရှင်ဖြစ်သူ ဦးညီညီထွေး မှာ စက်သုံးဆီရောင်းချ ခွင့်မရှိသည့် ကရင်ပြည်နယ်ဘက်သို့ စက်သုံးဆီများမှောင်ခိုရောင်းချမှုကြောင့် ပြီးခဲ့သည့် မတ်လ (၁၆) ရက်နေ့က မော်လမြိုင်မြို့၊ မုပွန်နယ်မြေရဲစခန်းတွင် (ပ) ၄၇/၂၀၂၆၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ - ၅ အရ အမှုဖွင့်အရေးယူခြင်းခံထားရခြင်းဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချမှုအား Myanmar Energy King ကုမ္ပဏီနှင့် Ya Zar Min Industry ကုမ္ပဏီတို့ က ယခင်မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း လက်ထက်က တင်ဒါအောင်မြင်ထားသည့်အတွက် လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း နှင့် မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာရှိ Puma International Port Terminal ဆိပ်ကမ်း မှတဆင့် မွန်ပြည်နယ်အတွင်း စက်သုံးဆီ ဖြန့်ဖြူးရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။
ဘိုဘိုမြင့်















