အီရန်စစ်ဆင်ရေးကို နှစ်ပတ်ကြာရပ်ဆိုင်းထားရန် အမေရိကန်သမ္မတ၏ ဆုံးဖြတ်ချက်ကို ထောက်ခံသော်လည်း ယင်းသဘောတူညီချက်က လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာလက်နက်ကိုင်အဖွဲ့နှင့် ဖြစ်ပွားနေသည့် စစ်ပွဲအပေါ် သက်ရောက်မှုမရှိကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက ဧပြီ ၈ ရက်မနက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် အီရန်က ဟော်မုဇ် ရေလက်ကြားကို ချက်ချင်းပြန်ဖွင့်ပေးရန်နှင့် အမေရိကန်၊ အစ္စရေးနှင့် ဒေသတွင်းနိုင်ငံများအပေါ် တိုက်ခိုက်နေမှုအားလုံးကို ရပ်တန့်ရန်အချက်များ ပါဝင်သည်ဟု ဖော်ပြထားသည်။
ထို့ပြင် အီရန်၏ နျူကလီးယားနှင့် ဒုံးကျည်ခြိမ်းခြောက်မှုများကို အပြီးသတ်ဟန့်တားနိုင်ရေး အမေရိကန်က ကြိုးပမ်းနေမှုများကိုလည်း ထောက်ခံကြောင်း ဝန်ကြီးချုပ်နေတန်ရာဟုရုံးက ထုတ်ပြန်ခဲ့သည်။
လက်ရှိ အစ္စရေးတိုက်ခိုက်မှုကြောင့် လက်ဘနွန်နိုင်ငံ၊ ဆိုင်ဒွန်မြို့တွင် ရှစ်ဦးသေဆုံးကာ လူပေါင်း ၂၂ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ကြိုသတိမပေးဘဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မည်သည့်ပစ်မှတ်ကို ရည်ရွယ်ခဲ့သည်ဆိုသည်ကို အစ္စရေးစစ်တပ်က မပြောပေ။
အစ္စရေးနှင့်ဟစ်ဇ်ဘိုလာ လက်ရှိစစ်ပွဲအတွင်း အနည်းဆုံး လူပေါင်း ၁၅၀၀ ကျော် သေဆုံးခဲ့ပြီဖြစ်သည်။
Ref: AP















