■ ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဦးတေဇကျော်နှင့် အတွင်းရေးမှူးအဖြစ် ဦးတင်အောင်ချစ်တို့ကို တာဝန်ပေးအပ်ပြီး အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်း

■ ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဦးတေဇကျော်နှင့် အတွင်းရေးမှူးအဖြစ် ဦးတင်အောင်ချစ်တို့ကို တာဝန်ပေးအပ်ပြီး အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်း
Published 24 March 2026

ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဦးတေဇကျော်နှင့် အတွင်းရေးမှူးအဖြစ် ဦးတင်အောင်ချစ်တို့ကို တာဝန်ပေးအပ်ပြီး အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ 

 ယနေ့ (မတ် ၂၄ ရက်) တွင် ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့တွင် အဖွဲ့ဝင် ၁၅ ဦး ပါဝင်သော ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီအား ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ 

“ ပြည်သူ့ငွေစာရင်းကော်မတီမှာ ပါဝင်မယ့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့ရဲ့ အမည်စာရင်းနဲ့ ကော်မတီရဲ့တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီ အစည်းအဝေးများနဲ့စပ်လျဉ်းပြီး တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ ၂၃ ရက် ၃ လ ၂၀၂၆ ရက်နေ့မှာ တင်ပြခဲ့ပြီး ဖြစ်ပါတယ်” ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားသည်။ 

ပြည်သူ့ငွေစာရင်းကော်မတီ ဖွဲ့စည်းမှုနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် ကော်မတီအစည်းအဝေးတို့ကို လွှတ်တော်၏ အတည်ပြုချက်ရယူရာတွင် လွှတ်တော်က သဘောတူခဲ့သည့်အတွက် ပြည်သူ့ငွေစာရင်းကော်မတီတွင် ဥက္ကဋ္ဌအဖြစ် အောင်မြေသာစံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတေဇကျော်၊ အတွင်းရေးမှူးအဖြစ် အောင်လံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ချစ်၊ အဖွဲ့ဝင်များအဖြစ် မိုးကောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းအောင်၊ ကန့်ဘလူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်ကျော်၊ ဆင်ပေါင်ဝဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆွေ၊ ကမာရွတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုသင်း၊ ကန်ကြီးဒေါင့်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမူ၊ ရမည်းသင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဆောင်၊ မော်လမြိုင်ကျွန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ ရပ်စောက်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာပွင့်ဆန်း၊ လေးမျက်နှာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး၊ သံဖြူဇရပ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းရွှေ၊ ဆီဆိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခွန်လှသိန်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် စိုးညွန့်နှင့် ဗိုလ်ကြီးဒေါ်ယမင်းအောင်တို့ တာဝန်ပေးအပ် ဖွဲ့စည်းကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားသည်။ 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ က “ ပြည်သူ့ငွေစာရင်းကော်မတီရဲ့ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနဲ့ ကော်မတီ အစည်းအဝေးတို့ကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာပါတယ်” ဟု ပြောကြားသည်။

ပြည်သူ့ငွေစာရင်းကော်မတီ၏ တာဝန်များတွင် ကော်မတီသည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ အစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်းများနှင့် နေပြည်တော်ကောင်စီတို့၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများကို စစ်ဆေးထားသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အစီရင်ခံစာကို စိစစ်ရပြီး ယင်းသို့စိစစ်ရာတွင် ပြည်ထောင်စုဘဏ္ဍာငွေ အရ၊ အသုံးဆိုင်ရာ ဥပဒေပါ လျာထားရငွေများကို ပြည့်ဝစွာရရှိအောင် ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ အပါအဝင် သုံးစွဲခွင့်ပြုထားသော ငွေကြေးများကို ထိရောက်စွာ အသုံးပြု၊ မပြု၊ သတ်မှတ်ထားသော ဘဏ္ဍာရေးစည်းမျဉ်းများ၊ စည်းကမ်းများနှင့်အညီ သုံးစွဲခြင်း ရှိ၊ မရှိတို့ကို စိစစ်ရမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent