ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လျှောက်ထားသည့် ရွေးကောက်ပွဲကန့်ကွက်လွှာ အမှုနှစ်မှုကို မတ် ၉ ရက်က စတင် ကြားနာစစ်ဆေးလျက်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင်လည်းကောင်း၊ အပိုင်း (၂) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင်လည်းကောင်း၊ အပိုင်း (၃) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင်လည်းကောင်း အောင်မြင်စွာကျင်းပပေးခဲ့ပြီး ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအပိုင်း (၁) နှင့် အပိုင်း (၂) အတွက် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၇၊ ပုဒ်မ ၆၈ နှင့် နည်းဥပဒေ ၁၁၂ တို့အရ တင်သွင်းလာသည့် ကန့်ကွက်လွှာအမှုနှစ်မှုကို မတ် ၉ ရက်တွင် စတင်ကြားနာစစ်ဆေးခဲ့ခြင်းဖြစ်သည်။
ယင်းအမှုများကို ကြားနာစစ်ဆေးနိုင်ရန် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၉ (က) (၁) အရ ၂၃-၂-၂၀၂၆ ရက်စွဲ ပါ အမိန့်အမှတ် - ၁/၂၀၂၆ နှင့် အမိန့်အမှတ် - ၂/၂၀၂၆ တို့ဖြင့် ကော်မရှင်အဖွဲ့ဝင်တစ် ဦးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ကျန်ကော်မရှင်အဖွဲ့ဝင်နှစ်ဦးပါဝင်သော ရွေးကောက်ပွဲခုံအဖွဲ့ (၁) နှင့် ရွေးကောက်ပွဲခုံအဖွဲ့ (၂) တို့ကို ဖွဲ့စည်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မတ် ၉ ရက်တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၁) က ကန့်ကွက်လွှာအမှုအမှတ် (၁/၂၀၂၅)၊ လျှောက်ထားသူ ဒေါက်တာကောင်းထက်ခိုင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) နှင့် လျှောက်ထားခံရသူ ဦးပေါင်ဇလန်း (ဇိုမီးအမျိုးသားပါတီ) အမှုကိုလည်းကောင်း၊ ရွေးကောက်ပွဲခုံအဖွဲ့ (၂) က ကန့်ကွက်လွှာအမှုအမှတ် (၂/၂၀၂၅)၊ လျှောက်ထားသူ ဦးဝင်းကြူ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) နှင့် လျှောက်ထားခံရသူ ဦးခိုင်ဦး (ပြည်သူ့ပါတီ) အမှုကိုလည်းကောင်း စတင်ကြားနာစစ်ဆေးခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။















