■ရေလုံလွန်းကျင်းကြီးကို စစ်ရေယာဉ်များ တည်ဆောက်ပြုပြင်နိုင်ရန်အပြင် အရပ်ဘက်ကုန်တင် ရေယာဉ်ကြီးများ တည်ဆောက်ပြုပြင်နိုင်သည်အထိရည်သန်ထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောကြား
တပ်မတော်(ရေ)မှ ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ တန် ၄၀,၀၀၀ ရေလုံလွန်းကျင်းဖွင့်ပွဲအခမ်းအနား၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ် နှစ်စင်း၏ ဧရာခင်း မင်္ဂလာအခမ်းအနားနှင့် စစ်ရေယာဉ်လေးစင်း တပ်တော်ဝင် အခမ်းအနားများကို ယနေ့(မတ် ၈ ရက်)နံနက်ပိုင်းတွင် သန်လျင်တပ်နယ်၊ ရေတပ်သင်္ဘောကျင်း ဌာနချုပ်ရှိ အဆိုပါရေလုံလွန်းကျင်း တည်ဆောက်ရေးအလုပ်ရုံနှင့် ရေတပ်ဆိပ်ခံတံတား၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားများသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ကော်မရှင်အတွင်းရေးမှူး ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရေတပ်ကွပ်ကဲမှုဌာနချုပ်မှူးများ၊ ရေတပ်စခန်းဌာနချုပ်မှူးများ၊ တပ်မတော် (ရေ)မှအရာရှိ၊ စစ်သည်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ တန် ၄၀,၀၀၀ ရေလုံလွန်းကျင်းအား တာဝန်ရှိသူများက ဦးစွာဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တန် ၄၀,၀၀၀ ရေလုံလွန်းကျင်း ကမ္ပည်းကျောက်စာတိုင်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး ရေလုံလွန်းကျင်းကမ္ပည်းကျောက်စာတိုင်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ကော်မရှင်ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေလုံလွန်းကျင်း အုပ်ချုပ်မှုအဆောက်အဦ ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြပြီး Shipyard Management Software ခန်းအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် အခမ်းအနား ဒုတိယပိုင်းကို တည်ဆောက်ရေးအလုပ်ရုံ၌ ဆက်လက်ကျင်းပပြုလုပ်ပြီး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့သည် တပ်မတော်(ရေ)အတွက်သာမက မြန်မာနိုင်ငံတွင်ပါ စွမ်းဆောင်ရည်အရလည်းကောင်း၊ အရွယ်အစားအရလည်းကောင်း အကြီးမားဆုံးဖြစ်လာမည့် ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ တန် ၄၀,၀၀၀ ရေလုံလွန်းကျင်းကြီးကို အောင်မြင်စွာ တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့သကဲ့သို့ ယခုဖွင့်လှစ်သည့် တန် ၄၀,၀၀၀ ရေလုံလွန်းကျင်း တွင် ပထမဆုံးစတင်တည်ဆောက်မည့် စစ်ရေယာဉ်နှစ်စင်း ဧရာခင်းမင်္ဂလာအခမ်းအနား အပါအဝင် တပ်မတော်(ရေ)တွင် တည်ဆောက်ခဲ့သည့် ဖရီဂိတ်စစ်ရေယာဉ်ကြီး စစ်ရေယာဉ်(သာလွန်မင်း)နှင့် မြစ်တွင်းသွား ဘက်စုံသုံးစစ်ရေယာဉ် လေးစင်းတို့ကိုလည်း တပ်တော်ဝင်နိုင်မည်ဖြစ်ခြင်းကြောင့် နိုင်ငံတော်နှင့်တပ်မတော်အတွက် ဂုဏ်ယူစရာကောင်းပြီး အားသစ်လောင်းသည့် နေ့တစ်နေ့ပင် ဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် မိမိတို့နိုင်ငံ၏ ရေကြောင်းအကျိုးစီးပွားများသည် ပိုင်နက်ပင်လယ်အတွင်း သာမကဘဲ သီးသန့်စီးပွားရေး ဇုန်ဖြစ်သည့် ကမ်းလွန်ပင်လယ်ပြင်အထိ ကျယ်ပြန့်စွာတည်ရှိနေသကဲ့သို့ မြန်မာ့ပင်လယ်ပြင်သည်လည်း ကမ္ဘာ့ကုန်သွယ်ရေကြောင်း ရေယာဉ်ကြီးများ ဖြတ်သန်းသွားလာနေသည့် အဓိကရေလမ်းကြောင်းများအနက် တစ်ခုအပါအဝင်ဖြစ်ခြင်း၊ ကမ္ဘာ့ကုန်သွယ်ရေယာဉ်ကြီးများ ဝင်ထွက်ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းကောင်းများ နှင့် ရေနက်ဆိပ်ကမ်းများ ရှိခြင်းတို့ကြောင့် နိုင်ငံတော်၏ ရေကြောင်းအကျိုးစီးပွားအတွက် အလွန်အရေးပါ လျက်ရှိသည်ကို မြင်တွေ့ရမည်ဖြစ်ကြောင်း၊ထို့ကြောင့် ရေကြောင်းအကျိုးစီးပွားများဖြစ်သည့် ပင်လယ်ပြင်မှ စွမ်းအင်အကျိုးစီးပွားများ၊ ငါးသယံဇာတများ၊ ပင်လယ်ပြင်ဆက်သွယ်ရေးလမ်းကြောင်းကြီးများ၊ ရေကြောင်းကုန်သွယ်မှုများနှင့် ရေနက်ဆိပ်ကမ်းကြီးများအား အမျိုးသားအကျိုးစီးပွားအတွက် ထိရောက်စွာ အသုံးချနိုင်စေရန် စွမ်းရည်ထက်မြက်၍ အင်အားတောင့်တင်းသော ရေတပ်ထူထောင်ထားရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အနာဂတ်တပ်မတော်(ရေ)အတွက် လိုအပ်သည့် စစ်ရေယာဉ်များ ကိုယ်တိုင်တည်ဆောက်/ပြုပြင်နိုင်ရန်အပြင် နိုင်ငံတော်၏ အကျိုးစီးပွားကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန်အတွက် အရပ်ဘက် ကုန်တင်ရေယာဉ်ကြီးများ တည်ဆောက်/ပြုပြင်နိုင်သည်အထိ ရည်သန်၍ ရေလုံလွန်းကျင်းကြီး တည်ဆောက်နိုင်ရေးကို စဉ်းစားသုံးသပ်ပြီး ၂၀၁၈ ခုနှစ်မှစပြီး စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
တပ်မတော်(ရေ)အနေဖြင့် ရေယာဉ်တည်ဆောက်ရေးကဏ္ဍကို ကြည့်မည်ဆိုပါက အရွယ်အစားကြီးမားသည့် ဖရီဂိတ်စစ်ရေယာဉ်ကြီးများကို ပြည်တွင်း၌ပင် ကိုယ်တိုင်တည်ဆောက် တပ်တော်ဝင်နိုင်ခဲ့ခြင်းကြောင့် တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နိုင်မှုကို အထောက်အကူများစွာ ဖြစ်စေခဲ့သည့်အပြင် မြန်မာ့ရေပြင်ပိုင်နက် စိုးမိုးလုံခြုံရေးကိုလည်း ပိုမိုခိုင်မာကောင်းမွန်စေခဲ့ကြောင်း၊ ယနေ့ ဧရာခင်းမင်္ဂလာအခမ်းအနားပြုလုပ်မည့် စစ်ရေယာဉ်နှစ်စင်းသည် ယခုတန် ၄၀,၀၀၀ ရေလုံလွန်းကျင်းတွင် စတင်တည်ဆောက်မည့် စစ်ရေယာဉ်များဖြစ်ပြီး အဆိုပါရေယာဉ်များ တည်ဆောက်နိုင်ခြင်းဖြင့် မြန်မာ့ပင်လယ်ပြင်အတွင်း ကာကွယ်ရေးစွမ်းဆောင်ရည်များ တိုးတက်မြင့်မားလာစေမည် ဖြစ်ကြောင်း၊ တပ်မတော်(ရေ) အနေဖြင့် ရေယာဉ်တည်ဆောက်ရေးလုပ်ငန်းများကို ၁၉၆၀ ပြည့်နှစ်က စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သဖြင့် တည်ဆောက်ရေးအတွေ့ အကြုံကောင်းများရှိပြီးဖြစ်သော်လည်း ယနေ့ ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်နေသည့် ရေယာဉ်တည်ဆောက်ရေး နည်းစနစ်များကိုလည်း မျက်ခြည်မပြတ် လေ့လာသင်ယူပြီး အသုံးချနိုင်ရေး တစိုက်မတ်မတ် ကြိုးစားအားထုတ်သွားရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ထို့အတူ ရေလုံလွန်းကျင်းကြီးသည်နိုင်ငံတကာအဆင့်မီ သင်္ဘောကျင်းကြီးဖြစ်သည့်အတွက် ရေလုံလွန်းကျင်းနှင့် ရေလုံလွန်းကျင်းတွင်ပါသည့် စက်ပစ္စည်းကိရိယာများကို သက်တမ်းပြည့် စွမ်းအားပြည့် စနစ်တကျအသုံးပြုနိုင်ရေး ဆောင်ရွက်သွားကြရန်၊ ရင်းနှီးမြှုပ်နှံမှုမှ ဝင်ငွေပြန်လည်ရရှိနိုင်ရေးအတွက် ပြည်တွင်းပြည်ပကုန်သွယ်ရေကြောင်း ရေယာဉ်ကြီး များ တည်ဆောက်ပြုပြင်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ရေယာဉ်ဗိသုကာနှင့် ရေယာဉ်တည်ဆောက်ရေးလုပ်ငန်းများ၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း တစိုက်မတ်မတ်ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့် တပ်မတော်(ရေ) မျိုးဆက်သစ်အရာရှိ၊ စစ်သည်များကိုလည်း ကောင်းမွန်သည့် အစဉ်အလာကောင်းများ လက်ဆင့်ကမ်းပေးသွားရန်၊ မြန်မာ့ပင်လယ်ပြင်နှင့် ပင်လယ်ပြင်အကျိုးစီးပွားများကို ကာကွယ်ရေးအတွက် ပေးအပ်သည့်တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ရင်း တပ်မတော်၏ ကောင်းမြတ်သည့်အစဉ်အလာများကို အသက်နှင့်ထပ်တူထိန်းသိမ်း စောင့်ရှောက်သွားကြရန် တိုက်တွန်းလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြ သူများသည် ရေလုံလွန်းကျင်း တည်ဆောက်ခဲ့မှု မှတ်တမ်းဗီဒီယိုအား ကြည့်ရှုပြီးနောက် ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ ရေလုံလွန်းကျင်းတည်ဆောက်ရေး တာဝန်ယူဆောင်ရွက်ခဲ့သည့် ကုမ္ပဏီဥက္ကဋ္ဌက ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ ဌာနချုပ်မှူးထံစာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)က ရေလုံလွန်းကျင်းဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်အား ဂါရဝပြု ပေးအပ်ကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုသစ်သီးခြင်းအား ပေးအပ်ရာ ရေလုံလွန်းကျင်း တည်ဆောက်ရေးတာဝန်ယူဆောင်ရွက်ခဲ့သည့် ကုမ္ပဏီဥက္ကဋ္ဌက လက်ခံရယူခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ်နှစ်စင်း၏ ဧရာခင်းမင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ရာ စစ်ရေယာဉ်များတည်ဆောက်ခြင်းနှင့် ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရေငုပ်သင်္ဘော တိုက်ဖျက်ရေးရေယာဉ်နှစ်စင်းတို့၏ ဧရာနှင့် Frame တို့အား စက်ခလုတ်နှိပ် ဂဟေတွဲဆက်၍ ရေယာဉ်တည်ဆောက်မှု လုပ်ငန်းအား စတင်ပေးခဲ့ပြီး ဧရာခင်းမင်္ဂလာ ကြေးပြားများနှင့် ကိုယ်ထည်အစိတ်အပိုင်းများအား မင်္ဂလာအမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေယာဉ်တည်ဆောက်မှု လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် တည်ဆောက်ခဲ့မှုဓာတ်ပုံပြခန်းနှင့် ရေလုံလွန်းကျင်းအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ရေတပ်သင်္ဘောကျင်းဌာနချုပ်၏ သင်္ဘောကျင်းစီမံကိန်းကို အဆင့်သုံးဆင့်ဖြင့် စတင်တည်ဆောက်ခဲ့ပြီး ပထမအဆင့်စီမံကိန်းအား ၁၉၉၈ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိလည်းကောင်း၊ ဒုတိယအဆင့်စီမံကိန်းအား ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိလည်းကောင်း အောင်မြင်စွာတည်ဆောက်ဖွင့်လှစ်နိုင်ခဲ့ပြီး စစ်ရေယာဉ်များ၊ ဌာနဆိုင်ရာ ပုဂ္ဂလိကရေယာဉ်များအား တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ပြီး တတိယအဆင့်စီမံကိန်းအား ၂၀၁၉ ခုနှစ်မှ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် တတိယအဆင့်စီမံကိန်းတည်ဆောက်မှုအား အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ တန် ၄၀,၀၀၀ ရေလုံလွန်းကျင်းတွင် အရွယ်အစားကြီးမားသော စစ်ရေယာဉ်ကြီးများတည်ဆောက်နိုင်မည့်အပြင် တန်ချိန် ၄၀,၀၀၀ တင်ဆောင်နိုင်သော ကုန်သွယ်ရေယာဉ်တစ်စင်း (သို့မဟုတ်) စစ်ရေယာဉ်ကြီး နှစ်စင်းတို့အား တစ်ပြိုင်နက်တည်းတည်ဆောက်ခြင်း (သို့မဟုတ်) လွန်းတင်ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် စစ်ရေယာဉ်ကြီးများ၊ ကုန်တင်ရေယာဉ်ကြီးများ၊ ကွန်တိန်နာ တင်ရေယာဉ်ကြီးများကို တည်ဆောက်ပြုပြင် နိုင်မည်ဖြစ်ကြောင်း သိရသည်။
တပ်မတော်(ရေ)မှ စစ်ရေယာဉ်များတပ်တော်ဝင်ခြင်း အခမ်းအနားကို ရန်ကုန်မြို့ရှိ ရေတပ်ဆိပ်ခံတံတား၌ ဆက်လက်ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်းက စစ်ရေယာဉ်များ တပ်တော်ဝင်အခမ်းအနားနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရေတပ်သင်္ဘောကျင်း ဌာနချုပ်၊ ဌာနချုပ်မှူးက အမှတ်(၁)ဗျူဟာစစ်ရေယာဉ်စု၊ ရေယာဉ်စုမှူးထံသို့ တပ်တော်ဝင် စစ်ရေယာဉ်များနှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ထံသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)က တပ်တော်ဝင်အခမ်းအနားအထိမ်းအမှတ် စစ်ရေယာဉ်ပုံစံငယ်များအား ဂါရဝပြုပေးအပ်ပြီး စစ်ရေယာဉ်များတပ်တော်ဝင်ဆောင်ရွက်နိုင်ရန်အတွက် တပ်တော်ဝင်တံခွန် အလံများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကာကွယ်ရေးဦးစီးချုပ်(ရေ)ထံလွှဲပြောင်းပေးအပ်ရာ ကာကွယ်ရေး ဦးစီးချုပ်(ရေ)က လက်ခံရယူပြီး သက်ဆိုင်ရာစစ်ရေယာဉ်မှူးများထံ ဆက်လက်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီးအေးမင်းထွေး က တပ်တော်ဝင် စစ်ရေယာဉ်များ အဖြစ်ကြေညာခြင်း၊ နိုင်ငံတော်အလံလွှင့်တင်ခြင်း၊ တပ်မတော်(ရေ)အလံလွှင့်တင်ခြင်း၊ တပ်တော်ဝင် အလံလွှင့်တင်ခြင်း၊ ခေါင်းလောင်းရှစ်ချက်တီးခြင်းနှင့် တပ်တော်ဝင်လုပ်ငန်းစဉ်များအား အစီအစဉ်အတိုင်း ဆောင်ရွက်ခြင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တပ်တော်ဝင်စစ်ရေယာဉ်များ ဖြစ်သော ဖရီဂိတ်စစ်ရေယာဉ်ကြီး စစ်ရေယာဉ်(သာလွန်မင်း)နှင့် မြစ်တွင်းသွားဘက်စုံ သုံးစစ်ရေယာဉ် လေးစင်းတို့အား လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခြင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် စစ်ရေယာဉ်(မုတ္တမ)ပေါ်သို့ ရောက်ရှိပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခြင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အလေးပြုခံစင်မြင့်မှနေ၍ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးခြင်းနှင့် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူနေစဉ် စစ်ရေယာဉ်(ရန်တိုင်းအောင်) နှင့် စစ်ရေယာဉ် (ရန်ကြီးအောင်)တို့မှ အမြောက် ၂၁ ချက် ပစ်ဖောက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဂုဏ်ပြုအလေးပြုခြင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)က အမြောက်ပစ်ဖောက် ဂုဏ်ပြုအလေးပြု ပစ်ခတ်ထားသည့် ပထမဆုံးအမြောက် ကျည်ဆံခွံအား အထိမ်းအမှတ်လက်ဆောင်အဖြစ် ဂါရဝပြုပေးအပ်တို့ ဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်တော်ဝင်စစ်ရေယာဉ်များ တည်ဆောက်ခဲ့ချိန်တွင် ပါဝင်ဆောင်ရွက်ခဲ့သည့် အရာရှိ၊ စစ်သည်များအတွက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၏ အထိမ်းအမှတ်တံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာတို့ကို ပေးအပ်ရာ တာဝန်ရှိသူအသီးသီးက လက်ခံရယူခဲ့ကြောင်း သိရသည်။
ယခု တပ်တော်ဝင်ခဲ့သည့် ဖရီဂိတ်စစ်ရေယာဉ်ကြီး စစ်ရေယာဉ်(သာလွန်မင်း)သည် တပ်မတော်(ရေ) ရေယာဉ်တည်ဆောက်မှုသမိုင်း၌ အရွယ်အစားအားဖြင့်အကြီးမားဆုံး ကိုယ်တိုင်တည်ဆောက် တပ်တော်ဝင်နိုင်ခဲ့သည့် စစ်ရေယာဉ်ဖြစ်ကြောင်း၊ အချိန်ကာလ တစ်လကျော်အတွင်း စုစုပေါင်းခုတ်မောင်းချိန် ၂၇၉ နာရီ၊ ခရီးအကွာအဝေးရေမိုင် ၃၄၁၈ မိုင် ခရီးရှည်စမ်းသပ်မောင်းနှင်ခဲ့ပြီး စမ်းသပ်မောင်းနှင်သည့် ခရီးစဉ်အတွင်း စံချိန်စံညွှန်ပြည့်မီမှုဆိုင်ရာ စမ်းသပ်မောင်းနှင်ခြင်းများ၊ ရေယာဉ်၌ တပ်ဆင်ထားသည့် ကိရိယာများ အလိုက် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အသုံးပြုနိုင်မှုအား စမ်းသပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ယနေ့တွင် တပ်တော်ဝင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ စစ်ရေယာဉ်များအား ကိုယ်တိုင်တည်ဆောက် တပ်တော်ဝင်နိုင်ခဲ့ခြင်းကြောင့် တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နိုင်မှုကို အထောက်အကူများစွာ ဖြစ်စေနိုင်ခဲ့ကြောင်း သတင်းရရှိသည်။















