ရွေးကောက်ပွဲအပိုင်း(၂)တွင် ပါဝင်သည့် မဟာအောင်မြေမြို့နယ် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် လူထုတွေ့ဆုံပွဲကို ဇန်နဝါရီလ ၈ ရက်က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
မဟာအောင်မြေမြို့နယ်၊ ၈၄လမ်း၊ ၄၂လမ်းနှင့်၄၃လမ်းကြားရှိ ဧဒင်ခန်းမတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များပါဝင်သော လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ်များ၏တာဝန်သည် ပိုမိုကောင်းမွန်သောအစိုးရဖြစ်အောင် လွှတ်တော်မှ ထိန်းကျောင်းနိုင်မည်ဖြစ်ကာ ပြည်သူဆန္ဒအား ဦးထိပ်ထားမည်ဖြစ်ကြောင်း၊ နိုင်ငံတည်ဆောက်ရေး၊ တိုင်းပြည်တည်ဆောက်ရေးတွင် ပြည်သူ့ဆန္ဒကို ဦးထိပ်ထားပြီး ပြည်သူဗဟိုပြု ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍများကို အလေးပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းသူဖြစ် ဦးဝင်းဖေမောင်က ပြောကြားခဲ့သည်။
အခမ်းအနားတွင် နိုင်ငံတော်အလံအလေးပြု သီဆိုခြင်း၊ ကိုယ်စားလှယ်လောင်းများမှ မိတ်ဆက်ပြီး မဲဆွယ်စည်းရုံးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးစိုးနိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးဝင်းဖေမောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း FPTPအဖြစ် ဦးယဉ်မောင်ထွန်း(ခ) ဦးယဉ်မောင်ဟိန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း PTအဖြစ် ဒေါ်အေးအေးမြင့်၊ ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးစိုင်းအောင်ကြည်တို့ကလည်းကောင်း အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။















