ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းက ပေါ်တူဂီလက်ရွေးစင်နောက်ခံလူ ကန်ဆယ်လိုဟာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။
ကန်ဆယ်လို(၃၁ နှစ်)ဟာ ၂၀၂၃-၂၄ ရာသီတုန်းက ဘာစီလိုနာအသင်းမှာ အငှားနဲ့ ကစားခဲ့ဖူးပြီး ခြေစွမ်းလည်း ပြနိုင်ခဲ့တာကြောင့် ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေခြင်းဖြစ်ကြောင်း သိရပါတယ်။
ကန်ဆယ်လိုဟာ ကစားသမားဘဝတစ်လျှောက် အငှားပြောင်းရွှေ့မှုတွေ မကြာခဏပြုလုပ်ခဲ့ရသူဖြစ်ပြီး မန်စီးတီးအသင်းမှာ ရှိနေစဉ် ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာအသင်းတွေဆီ အငှားချခံခဲ့ရပြီးမှ ၂၀၂၄ နွေရာမှာ အယ်လ်ဟီလာအသင်းဆီ အပြီးသတ်ပြောင်းရွှေ့ခဲ့တာပါ။
ကန်ဆယ်လိုဟာ အယ်လ်ဟီလာအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမဲ့ ဥရောပမှာ ပြန်ကစားဖို့ဆန္ဒရှိနေပြီး ဇန်နဝါရီအပြောင်းအရွှေ့မှာ သေချာပေါက်ပြောင်းရွှေ့မယ်လို့ သတင်းထွက်နေပါတယ်။
ကန်ဆယ်လိုကို အင်တာမီလန်အသင်းက အငှားနဲ့ခေါ်ယူဖို့ ကမ်းလှမ်းထားပေမဲ့ ကန်ဆယ်လိုက ဘာစီလိုနာအသင်း မခေါ်ယူမှသာ အင်တာမီလန်ကို ရွေးချယ်မယ်လို့ သိရပါတယ်။
ကန်ဆယ်လိုဟာ အင်တာမီလန်အသင်းမှာလည်း ၂၀၁၇-၁၈ ရာသီတုန်းက အငှားနဲ့ သွားရောက်ကစားခဲ့ဖူးပါတယ်။















