■ရန်ကုန်မြို့ရှိ စိန့်မေရီကာသီဒြယ်ကက်သလစ်ဘုရားကျောင်းတော်ကြီး၌ ကျင်းပသည့် ခရစ်တော်မွေးနေ့(ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားသို့ ယာယီသမ္မတ တက်ရောက် 

■ရန်ကုန်မြို့ရှိ စိန့်မေရီကာသီဒြယ်ကက်သလစ်ဘုရားကျောင်းတော်ကြီး၌ ကျင်းပသည့် ခရစ်တော်မွေးနေ့(ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားသို့ ယာယီသမ္မတ တက်ရောက် 
Published 23 December 2025

■ တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုကြီးပေါ်ပေါက်လာစေရေးနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းအပေါ်  ငြိမ်းချမ်းစွာလျှောက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းကြောင်း ယာယီသမ္မတ ​ပြောကြား

မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်ပေါင်းစုံအဖွဲ့ချုပ်ကြီးများက ကြီးမှူးကျင်းပသည့် ခရစ်တော်မွေးနေ့(ခရစ္စမတ်)ကျေးဇူးတော် ချီးမွမ်းခြင်းနှင့် မိတ်သဟာယ မိတ်ဆုံစားပွဲအခမ်းအနားကို ယနေ့(ဒီဇင်ဘာ ၂၃ ရက်)တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့ နယ်ရှိ စိန့်မေရီကာသီဒြယ်ကက်သလစ်ဘုရားကျောင်းတော်ကြီး၌ ကျင်းပခဲ့ပြီး ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ချီးမြှင့်ခဲ့​ကြောင်း သိရသည်။ 

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စု ဝန်ကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်၊ မြန်မာနိုင်ငံခရစ်ယာန်ကောင်စီမှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံ ကက်သလစ်သာသနာမှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံဧဝံဂေလိ ခရစ်ယာန်မဟာ မိတ်အဖွဲ့ချုပ်မှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံခရစ်တော်သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ်မှ ဆရာတော်ကြီးများ၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ မြန်မာနိုင်ငံရှိခရစ်ယာန်ဘာသာဝင်များ၊ ကက်သလစ်လူငယ်အဖွဲ့များနှင့် ခရစ်ယာန်ဘာသာဝင် မြို့မိမြို့ဖများ တက်ရောက်ခဲ့​ကြောင်း သိရသည်။

အခမ်းအနားတွင် ခရစ်တော်ကိုမျှော်လင့်သော သတ္တမနေ့အသင်းတော် မြန်မာနိုင်ငံသာသနာအဖွဲ့ချုပ် သိက္ခာတော်ရ ဆရာ ဦးဖိုးဖိုးလှ က အဖွင့်ဆုတောင်းစကားပြောကြားခြင်း၊ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး နှင့်အခမ်းအနားတက်ရောက်လာကြသူများက ဓမ္မတေးသီချင်းကျူးဧချင်း “အိုသာယာသော မြန်မာ ပြည်တော်ကျူး” ဓမ္မသီချင်းအား ဆုပေါင်းသီဆိုခြင်း၊  မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ ဥက္ကဋ္ဌ သာသနာ ပိုင်ချုပ်ကြီး စတီဗင် သန်းမြင့်ဦး က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ တေးသံရှင် ပန်းရောင်ခြယ်က ဂုဏ်တော်ချီးမွမ်းခြင်းသီချင်းအား သီဆို ခြင်းတို့​ဆောင်ရွက်ခဲ့သည်။ 

ထို့နောက် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက ခရစ္စမတ် နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ရာသီသဘာဝနှင့် အခါသမယတို့ပေါင်းစုံချိန်တွင် ယခုကဲ့သို့ကျရောက်လာသည့် ခရစ္စမတ်ပွဲတော်နှင့်အတူ ခရစ်ယာန်ဘာသာဝင်များ၊ နိုင်ငံသူနိုင်ငံသားများနှင့် ကမ္ဘာသူကမ္ဘာသားအားလုံး ဘာသာတရား၏ မေတ္တာရိပ်အောက်တွင် ချစ်ခြင်းမေတ္တာများနှင့် ငြိမ်းချမ်းသာယာခြင်းရှိကြစေရန် ဆုမွန်ကောင်းဖြင့် ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်း၊ ခရစ္စမတ်ပွဲတော်သည် လူသားများကြားတွင် ချစ်ခြင်းမေတ္တာတရားများကို လွှမ်းခြုံစေသည့်အပြင် ခရစ်ယာန်ဘာသာဝင်များ၏ မွန်မြတ်သည့် အနှစ်သာရတစ်ခုကို ထင်ဟပ်ပြသခြင်းလည်းဖြစ်ကြောင်း ​ပြောကြားသည်။ 

ထို့ပြင် ယနေ့ လူသားအားလုံး ခိုလှုံရာကမ္ဘာကြီးတွင် ကိုးကွယ်မှုဘာသာများစွာရှိပြီး ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာဆိုသည့် အဓိကဘာသာကြီး ​လေးမျိုးအဖြစ် သတ်မှတ်ထားသည်ကို အားလုံးသိရှိကြပြီးဖြစ်ကြောင်း၊ ဘာသာတရားဆိုသည်မှာ အဆုံးအမတစ်ခုဖြစ်ပြီး ချစ်ခြင်းမေတ္တာ၊ ကရုဏာတရားနှင့် ကိုယ်ချင်းစာ တရားများကို အခြေခံစည်းမျဉ်းများသဖွယ် တွေ့မြင်ကြရမည်လည်း ဖြစ်ကြောင်း၊ ကိုးကွယ်ရာဘာသာအလိုက် ချစ်ခြင်းမေတ္တာ၊ ကရုဏာတရားများ၏လမ်းညွှန်ပြသမှုများကသာ လူသားများအတွက် ငြိမ်းချမ်းသာယာခြင်းများကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်သည်ကို လေးလေးနက်နက် ယုံကြည်မိကြောင်း၊ လူမှုအဖွဲ့အစည်းတစ်ခုမှစတင်ပြီး လူမှုအသိုက်အဝန်းကြီးတစ်ခုလုံး ငြိမ်းချမ်းသာယာမှသာ လူသားများရှင်သန်ရပ်တည်ရာ ကမ္ဘာကြီးကလည်း ငြိမ်းချမ်းသာယာမည် ဖြစ်ကြောင်း၊ လူသားတစ်ဦးနှင့် တစ်ဦးကြားတွင် စွန်းထင်းနေသည့် အမုန်းတရားများ၊ အငြိုးအာဃာတ တရားများသည် လူ့အသိုက်အဝန်းကြားတွင် နိုင်လိုမင်းထက်မှုများ၊ သတ်ဖြတ်ညှင်းဆဲမှုများစသည့် ဒုစရိုက်တရားများကိုသာ ဆင့်ကဲဖြစ်ပေါ် စေကြောင်း၊ ဘာသာတရားများ၏ အဆုံးအမများဖြစ်သည့် ချစ်ခြင်းမေတ္တာ၊ ကရုဏာတော်များ ကသာလျှင် ဒုစရိုက်တရားများကို ပယ်ဖျက်နိုင်မည်ဖြစ်ပြီး လွှမ်းခြုံလာသည့် ချစ်ခြင်းမေတ္တာများနှင့် အေးချမ်းသာယာသည့် ကမ္ဘာကြီးအဖြစ် ဖန်တီးနိုင်မည်ဖြစ်ကြောင်း ယာယီသမ္မတက​ပြောကြားသည်။

နိုင်ငံတော်အတွင်း ကိုးကွယ်ခွင့်ဆိုင်ရာနှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၏ ပုဒ်မ ၃၄ တွင် “ငြိမ်ဝပ်ပိပြားရေးနှင့် သော်လည်းကောင်း၊ ပြည်သူ့ ကိုယ်ကျင့်တရားနှင့်သော်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့်သော်လည်းကောင်း၊ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြားပြဋ္ဌာန်းချက်တို့နှင့်သော်လည်းကောင်း မဆန့် ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာသာသနာရေးတွင် လွတ်လပ်စွာ ယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာကိုးကွယ်ဆောက်တည်နိုင်သောအခွင့်အရေးတို့ကိုအညီအမျှ ရရှိစေရမည်” ဟု အတိအလင်း ပြဋ္ဌာန်းထားပြီးဖြစ်သည့်အတွက် မည်သည့်ဘာသာကို မဆိုလွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ပေးထားပြီးဖြစ်သည်ကို ပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ် ဘာသာဝင်များနှင့် အခြားသောဘာသာဝင်များသည် ရှေးနှစ်ပေါင်းမြောက်မြားစွာကတည်းက ယှဉ်တွဲမှီတင်းနေထိုင်လာခဲ့ကြခြင်းပင်ဖြစ်ကြောင်း၊ မည်သို့ပင် ကိုးကွယ်ရာကွဲပြားပါစေ ဘာသာဝင်အချင်းချင်းကြားတွင် ထိပါးစော်ကားခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ ထိခိုက်နစ်နာစေလိုခြင်းအလျဉ်းမရှိဘဲ အပြန်အလှန်လေးစားမှုတရားများကို မဏ္ဍိုင်ပြုကာ ပြည်ထောင်စုစိတ်ဓာတ်အပြည့်ဖြင့် ဆွေမျိုးရင်းချာစိတ်ထားပြီး နိုင်ငံတော်၏ကောင်းရာကောင်းကျိုးအတွက် ဆောင်ရွက်ခဲ့ကြသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ရင်းနှီးနွေးထွေးသည့် ဘာသာဝင်များကြားမှ အဆိုပါအစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းသွားကြရန်လိုအပ်ပြီးစည်းလုံးညီညွတ်မှုပြိုကွဲအောင်၊လေးစားယုံ ကြည်မှုလျော့ပါးအောင်လုပ်ဆောင်လာသည့် မည်သည့်သွေးထိုးနှောင့်ယှက်မှုမျိုးကို မဆို မိသားစုစိတ်ရင်းဖြင့်လက်တွဲပူးပေါင်းကာကွယ်သွားကြရန် တိုက်တွန်းကြောင်း ယာယီသမ္မတက ​ပြောကြားသည်။ 

ထို့အတူ ဘာသာတရားတိုင်းတွင် အကျင့်တရား၊ စောင့်ထိန်းအပ်သောတရားဆိုသည့် ဘုံတူညီမှုများကိုတွေ့ရှိရပြီး အဆိုပါအကျင့်တရားများသည် စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်မှုကို အဓိကအခြေခံထားသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ စိတ်ပိုင်းဆိုင်ရာ ဖြူစင်သန့်ရှင်းမှုများသည် လူသားများအတွက် ရုပ်ပိုင်းဆိုင်ရာငြိမ်းချမ်းသော ဖွံ့ဖြိုး တိုးတက်မှုများကို အင်အားကြီးမားစွာ အထောက်အပံ့ပေးနိုင်ပြီး လူမှုအသိုက်အဝန်းတစ်ခုလုံးကို စည်ပင်သာယာဝပြောအောင် ဆောင်ရွက်ပေးနိုင်ခြင်းဖြစ်သဖြင့် ဘာသာတရားသည် မွန်မြတ်သောအဆုံးအမအဖြစ် ခိုင်ခိုင်မာမာယုံကြည်ကြောင်း၊ ထိုသို့ ဘာသာတရားများအပေါ်အခြေခံပြီး ဖြစ်တည်လာသည့် ငြိမ်းချမ်းခြင်း တရားများကို ကိုယ်စီလက်ကိုင်ထားကာ တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုကြီးပေါ်ပေါက်လာစေရေးနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းအပေါ် ငြိမ်းချမ်းစွာလျှောက်လှမ်းသွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း၊ ယနေ့ကဲ့သို့ အခါသမယကောင်းဖြစ်သည့် ခရစ္စမတ်ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားတွင် ဦးဆောင်ကျင်းပပေးသည့် ခရစ်ယာန် ဘာသာဝင်ဆရာတော် ကြီးများနှင့်ဘာသာဝင်များ၊ တက်ရောက်လာကြသည့် ဧည့်သည်တော်များ၊ နိုင်ငံသူ နိုင်ငံသားများ၊ ကမ္ဘာတစ်ဝန်းတွင် နေထိုင်ကြသည့် ခရစ်ယာန်ဘာသာဝင်များအားလုံး မွေးနေ့တော်မှစ၍ ငြိမ်းချမ်းခြင်းအနှစ်သာရများကို ကိုယ်စီပိုင်ဆိုင်ပြီး ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း ဆန္ဒမွန်ဖြင့် ဆုတောင်းလိုက်ပါကြောင်းဖြင့် ယာယီသမ္မတကပြောကြားသည်။ 

ယင်းနောက် မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်ဥက္ကဋ္ဌ သိက္ခာတော်ရဆရာ ဒေါက်တာဦးအေးမင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအတွက်အထူးဆုတောင်းစကားပြောကြားပြီး မက်သဒစ်အသင်းတော် (အောက်မြန်မာပြည်)မက်သဒစ်အင်္ဂလိပ်အသင်းတော် သံစုံတီးဝိုင်းအဖွဲ့က ခရစ္စမတ်သံစုံဓမ္မတေးသီချင်း အား သီဆိုတီးမှုတ်ခြင်း၊ မြန်မာနိုင်ငံ ခရစ်ယာန်သာသနာပြန့်ပွားမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ သိက္ခာတော်ရဆရာ ဒေါက်တာမျိုးမြင့်ဦး ဦးဆောင်၍ တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များက မွေးနေ့တော်ပွဲ အတုံ့အပြန် ဖတ်ကြားခြင်း၊ Sister ရူဖီး က သမ္မာကျမ်းစာဖတ်ကြားခြင်း၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက ခရစ္စမတ် ဓမ္မဒေသနာချီးမြှင့်ဟောကြားခြင်းတို့ကို အသီးသီးဆောင်ရွက်ခဲ့​ကြောင်း.သိရသည်။ 

ထို့နောက် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီးတို့ထံ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို၊ သာသနာပိုင်ချုပ်ကြီး စတီဗင်သန်းမြင့်ဦးနှင့် သိက္ခာတော်ရဆရာ ဒေါက်တာ အေးမင်းတို့က ခရစ္စမတ် အမှတ်တရမေတ္တာလက်ဆောင်၊ ခရစ္စမတ်ဆုတောင်းလွှာနှင့် ကျောက်စီပန်းချီကားကိုပေးအပ်ရာ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့က ခရစ္စမတ် အထိမ်းအမှတ် လက်ဆောင်များကို ပြန်လည်ပေးအပ်ခြင်း၊ သိက္ခာတော်ရဆရာ မန်းပါမာစတန်က ကျေးဇူးတင်စကားပြောကြားပြီး သိက္ခာတော်ရ ဒေါက်တာမောရစ်လျန်နာက ခရစ္စမတ်အခါသမယ မိတ်သဟာယ မိတ်ဆုံစားပွဲဖြစ်မြောက်ရေးနှင့် ပါဝင်ပေးခဲ့သူများအားလုံးအတွက် ကျေးဇူးတော် ချီးမွှမ်းခြင်း၊ “တိတ်ဆိတ်ည သန့်ရှင်းည” ဓမ္မသီချင်းကို ပရိတ်သတ်များက သံပြိုင် သီဆိုခြင်းတို့​ဆောင်ရွက်ခဲ့သည်။ 

ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက ခရစ္စမတ် ကောင်းချီးဆုမွန်စကားပြောကြားရာတွင် မင်္ဂလာရှိသော ခရစ္စမတ်အခါသမယတွင် ခရစ်ယာန်ဘာသာဝင်များသာမက ကမ္ဘာပေါ်ရှိ လူသားအားလုံး ခရစ္စမတ်၏ကောင်းခြင်းမင်္ဂလာတို့ဖြင့် ပြည့်စုံပါစေကြောင်း၊ နှစ်သစ်အခါသမယတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး အေးချမ်းသာယာဝပြောပါစေကြောင်း၊ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး မိသားစု၊ မြန်မာပြည်သူပြည်သားအားလုံး ကောင်းချီးမင်္ဂလာ များရရှိပါစေကြောင်းဖြင့် ဆုမွန်စကားပြောကြားခဲ့​ကြောင်းသိရသည်။

Most Read

Most Recent