■ ပြီးခဲ့သည့် ငါးနှစ်တာတွင် ပြုပြင်သင့်သည့် ဥပဒေများ မပြင်ခဲ့ရသည့်အတွက် တိုင်းပြည်နှင့် ပြည်သူများ နစ်နာခဲ့ကြောင်းနှင့် ကိုယ်စားလှယ်များ လွှတ်တော်ထဲရောက်သွားပါက ပြုပြင်သင့်သည့် ဥပဒေများပြင်ခိုင်း၍ ရကြောင်း ပြည်ခိုင်ဖြိုးပါတီ မွန်ပြည်နယ်ဥက္ကဋ္ဌပြောကြား
မော်လမြိုင်မြို့နယ်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် မဲဆန္ဒရှင်များ မိတ်ဆက်ပွဲကို ဒီဇင်ဘာ ၉ ရက်က မော်လမြိုင်မြို့ရှိ SunShine Villa Hotel တွင် ပြုလုပ်ခဲ့သည်။
ယင်းအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ မွန်ပြည်နယ် ဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းနှင့် ပါတီဗဟိုတာဝန်ရှိသူများ၊ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၊ ပါတီဝင်များနှင့် မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီ မွန်ပြည်နယ် ဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းက ပြီးခဲ့သည့် ငါးနှစ်တာတွင် ပြုပြင်သင့်သည့် ဥပဒေများ မပြင်ခဲ့ရသည့်အတွက် တိုင်းပြည်နှင့် ပြည်သူများ နစ်နာခဲ့ရကြောင်းနှင့် ကိုယ်စားလှယ်များ လွှတ်တော်ထဲရောက်သွားပါက ပြုပြင်သင့်သည့် ဥပဒေများပြင်ခိုင်း၍ ရကြောင်း ပြောကြားသည်။
“လက်ရှိမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းသွားနေတာ လူတိုင်းသိတယ်။ အဲ့ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ဖတ်ကြည့်လိုက်ရင် ဘာလိုအချက်တွေပါတယ်ဆိုတာသိရမယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည့်စုံတဲ့ဥပဒေမဟုတ်သလို ဒီအတိုင်းပဲသွားနေရမှာ မဟုတ်ပါဘူး။ လွှတ်တော်ကိုဘလို့ထားတာလဲဆိုရင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေတွေကိုပြင်ဖို့ပါ။ ဒီလိုတော့ အခြေခံလေးရထားပြီးပြီ။ အဲ့ဒီအပေါ်မှာ ပြင်ကြပြုကြပေါ့။ သက်တမ်းကလည်း ဘယ်လောက်မှမရှိသေးဘူး။ (၅)နှစ်သက်တမ်း နှစ်ကြိမ်တည်းရှိသေးတယ်။ ပျက်ရော၊ အဲဒီတော့ ပြီးခဲ့တဲ့ ငါးနှစ်တာကာလက ပြုပြင်သင့်တဲ့ ဥပဒေတွေ မပြင်ရတော့ဘူး။ မပြင်ရတော့ ဘယ်သူနစ်နာလဲ။ တိုင်းပြည်နဲ့ ပြည်သူတွေဘဲ နစ်နာတယ်” ဟု မွန်ပြည်နယ် ပါတီဥက္ကဋ္ဌဦးအောင်ကြည်သိန်း က ပြောကြားသည်။
ယခုရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များကို တင်ပေးလိုက်ပါက ၎င်းတို့လွှတ်တော်ထဲရောက်သွားသည့်အခါ ပြုပြင်သင့်သည့် ဥပဒေများကိုပြင်ခိုင်း၍ ရကြောင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်းက ပြောကြားသည်။
ဦးအောင်ကြည်သိန်းက “ ကိုယ်သိနားလည်တဲ့အချက်တွေကို လွှတ်တော်ကိုယ်စားလှယ်ကတဆင့် တင်ပေးလိုက်။ လွှတ်တော်ထဲမှာပြောခိုင်း၊ ပြင်ခိုင်း၊ ကိုယ်တင်ပေးလိုက်တဲ့လူကလည်း မတတ်ဘူး။ ကိုယ်တင်ပေးလိုက်တဲ့လူကလည်း မပြောဘူးဆိုရင်၊ ကိုယ်ကဘေးကနေ ဒီလူတော့အသုံးမကျဘူးလို့ပြောလို့မရဘူး။ ကျွန်တော်ကိုလည်းပြောလို့ရတယ်။ အခုလည်းပြောလို့ရတယ်။ ပြော အုပ်ချုပ်တာအသုံးမကျဘူး၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ်လို့ပြောလို့ရတယ်။ အဲဒီလိုကျမှ တချို့က ပြင်ကြမှာလေ။ လွှတ်တော်ကိုယ်စားလှယ်တွေကို ဆိုရင်လည်းရော့၊ ဒီအဆိုလေးတင်ပေး၊ ဒီဥပဒေလေးပြုပေးလို့ ပြောကြပါ။ ကိုယ်ကလည်း ဘာမှမသိဘူး။ ကိုယ်စားလှယ်ကလည်း ဘာမှမပြောပဲ လွှတ်တော်ထဲ ထိုင်ငိုက်နေကြတဲ့ သူတွေအများကြီးပဲ။ အဲဒီတော့ ဘယ်သူတွေကို ရွေးချယ်ရမလဲဆိုတာ ကိုယ့်ဟာကိုယ်ဆုံးဖြတ်ပြီး မဲထည့်ဖြစ်အောင်ထည့်ကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟု ပြောကြားသည်။
ပြည်ခိုင်ဖြိုးပါတီ မွန်ပြည်နယ်ဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းသည် လက်ရှိတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်တာဝန်ထမ်း ဆောင်လျက်ရှိပြီး ယခုရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(FPTP) တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။















