ဒီမိုကရေစီရေး၊ တိုင်းရင်းသားတန်းတူညီမျှရေးနှင့် ဖက်ဒရယ်ရေးကို နိုင်ငံရေးနည်းဖြင့် ကြိုးပမ်းနေသူများအား မဲမပေးအောင် တားဆီးနေသူများ မည်သူ့ကို နိုင်စေချင်သနည်းစု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက မေးခွန်းထုတ်သည်။
မင်္ဂလာတောင်ညွန့်မြို့နယ် ကန်နောက်ရပ်ကွက် အထက်ပန်းဆိုးတန်းလမ်းရှိ ပြည်သူ့ပါတီ ရန်ကုန်တိုင်းဒေသကြီးရုံးတွင် နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းက ပြည်သူ့ပါတီ အောင်နိုင်ရေးကော်မတီ ဆိုင်းဘုတ်တင်ပွဲနှင့် အောင်နိုင်ရေးပိုစတာဖွင့်ပွဲ အခမ်းအနားပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနားတွင် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ထိုသို့ မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။
“နောက်တစ်ခုကတော့ ရွေးကောက်ပွဲ မဲမပေးနဲ့ လှုံ့ဆော်တယ်။ မဲမပေးရင် ရလဒ်က ဘာဖြစ်မလဲ။ ရွေးကောက်ပွဲကြီးက ပျက်သွားမှာလား။ ရွေးကောက်ပွဲက မပျက်ဘူး။ ဒါဆိုရင် ဘယ်လိုရလဒ်မျိုးကို ဖြစ်စေချင်တာလဲ။ အဲဒီတော့ ကျွန်တော်တို့က ဒီမိုကရေစီရေး၊ တိုင်းရင်းသားတန်းတူညီမျှရေး၊ ဖက်ဒရယ်အရေးဘက်ကနေ နိုင်ငံရေးနည်းလမ်းနဲ့ ခိုင်ခိုင်မာမာကြိုးပမ်းနေတဲ့သူတွေကို မဲမပေးအောင် ဟန့်တား တားဆီးနေမယ်ဆိုရင် ခင်ဗျားတို့က ဘယ်သူ့ကို နိုင်စေချင်တာလဲ ကျွန်တော်တို့ မေးရလိမ့်မယ်။ အဲဒီတော့ ကျွန်တော် ခဏခဏပြောတယ်။ ဘာဖြစ်ချင်တာလဲ။ ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တာကို ရှင်းရှင်းလင်းလင်းတော့ ရှိဖို့လိုတယ်”ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။
ပဋိပက္ခ မြင့်မားသည့်အချိန်တွင် တစ်ဖက်နှင့် တစ်ဖက် အာဃာတများ၊ အမုန်းတရားများဖြင့် တိုက်ခိုက်ချေဖျက်ရန် အစွန်းတရားများ ကြီးထွားလာကြောင်း၊ တစ်ယောက်နှင့် တစ်ယောက် အမြစ်ဖြတ်ရန် ကြိုးစားသော်လည်း လွတ်လပ်ရေးနှင့်အတူ ဖြစ်ပေါ်လာသော လက်နက်ကိုင်ပဋိပက္ခသည် နှစ်ပေါင်း ၈၀ နီးပါးရှိလာသော်လည်း လက်နက်ကိုင်နည်းလမ်းဖြင့် အဖြေမထွက်ခဲ့ကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။
“အဲဒီတော့ လက်နက်ကိုင်နည်းလမ်းနဲ့ အဖြေမထွက်ပါဘူးဆိုတာ ရှင်းနေပြီ။ ဒါဆိုရင် နိုင်ငံရေးနည်းလမ်းနဲ့ အဖြေထွက်သလားဆိုတော့ တစ်ကယ့်တစ်ကယ်က လူတွေက ဖြစ်နေတာက နိုင်ငံရေးနည်းလမ်းက မရတော့ပါဘူးကွာဆိုတာမျိုးအထိ စိတ်ပျက်လက်ပျက်ဖြစ်နေတာဟာ နိုင်ငံရေးနည်းလမ်းကြီး တစ်ခုလုံးက မှားသွားလို့လား။ နိုင်ငံရေးနည်းလမ်းကို ဆောင်ရွက်တဲ့သူတွေ ချဉ်းကပ်ပုံ ချဉ်းကပ်နည်းတွေ လိုအပ်ချက်တွေ ရှိမနေဘူးလား။ အဲ့ဒါ ကျွန်တော်တို့က ပြန်သုံးသပ်ဖို့လိုတယ်။ အဲဒီတော့ ကျွန်တော်တို့က နိုင်ငံရေးနည်းလမ်းကို ကျင့်သုံးတဲ့နေရာမှာ ဘယ်လိုကျင့်သုံးသလဲ၊ ဘယ်လိုချဉ်းကပ်သလဲဆိုတာတွေကို ပြန်ပြီးတော့ မှန်မှန်ကန်ကန်သုံးသပ်ဖို့ လိုတယ်”ဟု ဦးကိုကိုကြီးက ဆိုသည်။
ထို့ပြင် နိုင်ငံရေးပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်သည်ဆိုသည်ကို သက်သေပြနိုင်ပါက လက်နက်ကိုင်များ၏ အခန်းကဏ္ဍအား လျော့ချနိုင်မည်ဖြစ်ကြောင်းလည်း ဦးကိုကိုကြီးက ပြောကြားသည်။
“ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့နိုင်ငံမှာ ပဋိပက္ခတွေ မြင့်မားလာတာနဲ့အမျှ စစ်တပ်က နိုင်ငံရေးမှာ ပါဝင်တဲ့အခန်းကဏ္ဍက တောက်လျှောက်ကြီး မြင့်မားနေတယ်။ အဲ့ဒီတော့ ကျွန်တော်တို့က နိုင်ငံရေးပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်တယ်ဆိုတာကို သက်သေပြနိုင်ရင် စစ်တပ်နဲ့ လက်နက်ကိုင်လူတွေရဲ့ အခန်းကဏ္ဍကို လျော့ချနိုင်မယ်”ဟု ဦးကိုကိုကြီးက ပြောကြားသည်။
နိုင်ငံ တစ်နိုင်ငံ၏ စစ်တပ်နှင့် အပြိုင်တိုက်ခိုက်ခြင်းသည် နိုင်ငံကြီး တစ်နိုင်ငံ၏ ခိုင်မာသည့် အထောက်အပံ့မရဘဲ မအောင်မြင်နိုင်ကြောင်းလည်း KIA ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ် ဂွန်မော်၏ ပြောစကားအား ယခုအခမ်းအနားတွင် ဦးကိုကိုကြီးက ပြန်လည်ကိုးကားပြောကြားခဲ့သည်။
“အဲဒီတော့ ရှင်းရှင်းပဲ ပြောမယ်။ ကျွန်တော်တို့က လက်နက်ကိုင်နည်းလမ်းနဲ့ ကြိုးစားတယ်ဆိုတဲ့ကစ္စဟာ နှောင့်ယှက်တာတွေတော့ လုပ်နိုင်တယ်။ သို့သော် အဖြေမထွက်ဘူး။ အဲဒီတော့ ကျွန်တော် ပြောချင်တာက ကျွန်တော်တို့ နိုင်ငံရေးနည်းလမ်းနဲ့ ကြိုးပမ်းဆောင်ရွက်နေတဲ့ကိစ္စတွေကို ယုံယုံကြည်ကြည်နဲ့ ကျွန်တော်တို့ကို ဆောင်ရွက်ခွင့်ပေးပါ”ဟု ဦးကိုကိုကြီးက ပြောကြားသည်။















