ထိုင်းနှင့် အငြင်းပွားနေသည့် နယ်စပ်ဒေသတွင် တင်းမာမှုများမြင့်တက်လာသဖြင့် ကမ္ဘောဒီးယားအာဏာပိုင်များက နယ်စပ်အနီးရှိ ကျေးရွာတစ်ရွာမှ ရာနှင့်ချီသည့် ဒေသခံများကို နိုဝင်ဘာ ၁၃ ရက်တွင် ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့သည်။
နှစ်နိုင်ငံနယ်စပ်တွင် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့သဖြင့် ကမ္ဘောဒီးယား ဘက်ခြမ်းရှိ အဆိုပါကျေးရွာမှ ဒေသခံတစ်ဦး သေဆုံးခဲ့ပြီးနောက် ယခုကဲ့သို့ ဒေသခံများကို နေရာရွှေ့ပြောင်းပေးခဲ့ခြင်းဖြစ်သည်။
နယ်စပ်ဒေသ၏ ကင်းလှည့်သည့်နေရာ တစ်ခုတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိုင်းစစ်သားတစ်ဦး ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ပြီးနောက် နှစ်ရက်အကြာဖြစ်သည့် နိုဝင်ဘာ ၁၂ ရက်တွင် အပြန်အလှန်ပစ်ခတ် တိုက်ခိုက်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုမြေမြှုပ်မိုင်းသည် အသစ်မြှုပ်နှံထားသည့် မြေမြှုပ်မိုင်းဖြစ်ကြောင်းနှင့် စစ်သား တစ်ဦးခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ကာ အခြားစစ်သားသုံးဦး ဒဏ်ရာရခဲ့ကြောင်း ထိုင်းက ပြောကြားခဲ့သည်။
ယခုနှစ်နွေရာသီက ထိုင်းနှင့် ကမ္ဘောဒီးယားကြား ငါးရက်ကြာတိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး နှစ်နိုင်ငံစလုံးတွင် လူပေါင်း ၄၃ ဦး သေဆုံးခဲ့ကာ လူ ၃၀၀၀၀၀ ခန့် ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်ခဲ့ရပြီးနောက် အမေရိကန် သမ္မတဒေါ်နယ်ထရန့်၏ ထောက်ခံမှုဖြင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရရှိခဲ့သည်။
သို့သော် နယ်စပ်တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ထိုင်းနိုင်ငံက ကမ္ဘောဒီးယားနှင့် ငြိမ်းချမ်းရေးသဘောတူစာချုပ်ပါ အချက်များကို ပြဋ္ဌာန်းမှုအား ရပ်နားကြောင်း ကြေညာခဲ့သည်။
နိုဝင်ဘာ ၁၂ ရက်တွင် ထိုင်းနိုင်ငံ၏ ဆာကေအိုပြည်နယ်နှင့် ကမ္ဘောဒီးယား၏ ဘန်တေမင်ချေးပြည်နယ်ကြားရှိ နယ်စပ်ဒေ သတွင် သေနတ်ပစ်ခတ်သံများ ကြားရကြောင်း နှစ်နိုင်ငံအရာရှိများက ပြောကြားခဲ့ သည်။ထိုပစ်ခတ်မှုများကြောင့် အရပ်သား တစ် ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ပြောကြားခဲ့သည်။
“အဲဒီလုပ်ရပ်တွေက နယ်စပ်ပြဿနာ တွေကို ငြိမ်းချမ်းစွာဖြေရှင်းဖို့အတွက် မကြာသေးခင်ကမှ ရရှိခဲ့တဲ့ သဘောတူညီချက်တွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိတ်ဓာတ်ကို ဆန့်ကျင်နေပါတယ်” ဟု ဟွန်မာနက်က ၎င်း၏ Facebook တွင် ရေးသားခဲ့သည်။
သို့သော် ထိုင်းနိုင်ငံကမူ ကမ္ဘောဒီးယားစစ်သားများသည် ထိုင်း၏နယ်နိမိတ်အတွင်းသို့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းတော်ဝင် ကြည်းတပ်၏ပြောရေးဆိုခွင့်ရှိသူ ဝင်ထိုင်း ဆူဗာရီက ပြောကြားခဲ့သည်။
ထို့ကြောင့် ထိုင်းစစ်သားများကလည်း အကာအကွယ်ယူပြီး တုံ့ပြန်သည့်အနေဖြင့် သတိပေးပစ်ခတ်ခဲ့ကြောင်းနှင့် အဆိုပါဖြစ်စဉ်သည် ၁၀ မိနစ်ခန့်ကြာမြင့်ခဲ့ကာ ထိုင်းနိုင်ငံဘက်မှ ထိခိုက်၊ သေဆုံးသူမရှိကြောင်း ၎င်းကဆိုသည်။
ကမ္ဘောဒီးယားနှင့် ထိုင်းသည် ကီလိုမိတာ ၈၀၀ ကျော် (မိုင် ၅၀၀) အရှည်ရှိသည့် နယ်စပ်ဒေသနှင့်ပတ်သက်ပြီး ကာလကြာရှည် အငြင်းပွားလာခဲ့ပြီး ထိုနယ်စပ်စည်းကို အင်ဒိုချိုင်းနားကျွန်းဆွယ်အား ပြင်သစ်က သိမ်းပိုက်ချိန်အတွင်း ရေးဆွဲခဲ့ခြင်းဖြစ်သည်။
၂၀၀၈ ခုနှစ်က နှစ်နိုင်ငံနယ်စပ်အနီးရှိ နှစ်သက်တမ်း ၉၀၀ ရှိသည့် Preah Vihear ဘုရားကျောင်းအနီးရှိ မြေကွက်ကို ပိုင်ဆိုင်မှု အငြင်းပွားခဲ့ကာ စစ်ရေးပဋိပက္ခဖြစ်ပွားခဲ့သည်။
Ref: AP/ AFP















