ပါကစ္စတန်နိုင်ငံ အစ္စလာမာဘတ်မြို့တော်တွင် ယခုသီတင်းပတ်အတွင်း အသေခံဗုံးခွဲတိုက်ခိုက်မှုနှင့် နယ်စပ်အနီး သီးခြား တိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ပါကစ္စတန်အစိုးရက နိုဝင်ဘာ ၁၃ ရက်တွင် အာဖ ဂန်ကို ပြစ်တင်ပြောကြားခဲ့သည်။
ခရိုင်တရားရုံးအဆောက်အအုံအပြင်ဘက်တွင် နိုဝင်ဘာ ၁၁ ရက်က ပေါက်ကွဲမှုနောက်ကွယ်မှ ဗုံးခွဲသူမှာ အာဖဂန်နစ္စတန်မှဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး မိုဆင်နာဗီက လွှတ်တော်တွင် ပြောကြားခဲ့သည်။
“ကျွန်တော်တို့ အစ္စလာမာဘတ်ပေါက်ကွဲမှုတရားခံကို ခြေရာခံလိုက်ပါတယ်။ အသေခံဗုံးခွဲသူက အာဖဂန်နစ္စတန်ကပါ”ဟု သက်သေအထောက်အထားပြသခြင်းမရှိဘဲ ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်နှင့်ပတ်သက်၍အစိုးရအနေဖြင့် မည်ကဲ့သို့ ဆက်လက်လုပ်ဆောင်သွားမည်နည်းဟု မေးမြန်းရာတွင် “ဘာဆက်လုပ်ရမလဲဆိုတာ အစိုးရအဆင့် ဆုံးဖြတ်ချက်ချသွားမှာပါ”ဟု ပြန်လည်ဖြေကြားခဲ့သည်။
ပါကစ္စတန်တာလီဘန်အဖွဲ့ခွဲက ထိုတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်းအတည်ပြုထားကာ ထိုတိုက်ခိုက်မှုဖြစ်စဉ်သည် အစ္စလာမာဘတ်မြို့တော်ကို သုံးနှစ်နီးပါးအတွင်း ပထမဆုံးတိုက်ခိုက်မှုဖြစ်လာခဲ့သည်။
ထိုပေါက်ကွဲမှုကြောင့် လူပေါင်းဒါဇင်ချီ သေဆုံးခဲ့ပြီး ၂၇ ဦးဒဏ်ရာရခဲ့သည်။
ပါကစ္စတန်အနောက်မြောက်ပိုင်းရှိ စစ်တပ်နှင့်ဆက်နွှယ်သည့် ကျောင်းတစ်ကျောင်းဖြစ်သော ၀ါနာဗိုလ်လောင်းကောလိပ်တွင် ထိုနေ့ကဖြစ်ပွားသည့် တိုက်ခိုက်မှုတစ်ခုတွင်လည်း အာဖဂန်နိုင်ငံသားများပါဝင်ကြောင်း နာဗီကနိုဝင်ဘာ ၁၀ ရက်တွင်ပြောကြားခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် သေဆုံးသူသုံးဦးရှိသည်။
၂၀၂၁ ခုနှစ်တွင် တာလီဘန်တို့အာဖဂန်အာဏကို ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက်ပိုင်း တောင်အာရှအိမ်နီးချင်းနိုင်ငံများအကြားလူသေဆုံးမှုအများဆုံး ပဋိပက္ခများဖြစ်ပွားခဲ့သည်။
အောက်တိုဘာ ၉ ရက်က ကဘူးလ်မြို့တော်တွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်မှုများအတွင်း လူ ၇၀ ကျော်သေဆုံးခဲ့ပြီးနောက် နှစ်နိုင်ငံကြားဆက်ဆံရေးမှာ အဆိုးဆုံးအဆင့်အထိ ရောက်ရှိခဲ့သည်။
“ကျွန်တော်တို့ရဲ့ စိုးရိမ်မှုတွေကို အာဖဂန်အစိုးရဆီ ပြောပြခဲ့ပေမယ့် သူတို့တွေက အကြမ်းဖက်သမားတွေကို ဆက်လက်ကူညီပေးနေပါတယ်”ဟု နက်ဗီကမှတ်ချက်ပြုပြောကြားခဲ့သည်။
အာဖဂန်အစိုးရကမူ ထိုစွပ်စွဲချက်နှင့် ပတ်သက်ပြီး မှတ်ချက်တစ်စုံတစ်ရာပြော ကြားခြင်းမရှိပေ။
ပါကစ္စတန်သတင်းအချက်အလက်ဝန်ကြီးကလည်း နိုဝင်ဘာ ၁၃ ရက်တွင် ထိုစွပ်စွဲချက်ကို ထပ်တလဲလဲ ပြောကြားခဲ့ပြီး ၀ါနာတိုက်ခိုက်မှုသည် အာဖဂန်နစ္စတန်မှ အစီအစဉ်တကျထိန်းချုပ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ခိုက်မှုများတွင် အာဖဂန်နိုင်ငံသားများပါဝင်နေသည်ဟု ပြောကြားခဲ့သည်။
“ဒီတိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့အာဖဂန်အကြမ်းဖက်သမားတွေရဲ့ မှတ်ပုံတင်တွေဟာ အာဖဂန်နစ္စတန်အခြေစိုက် အကြမ်းဖက်သမားတွေနဲ့ ဆက်နွှယ်မှုရှိနေတယ်ဆိုတဲ့အ ထောက်အထားအခိုင်အမာတွေ့ရပါတယ်” ဟု ၎င်းက လူမှုမီဒီယာ X တွင် ရေးသားခဲ့သည်။
ကီလိုမီတာ ၂၆၀၀ အရှည်ရှိ နယ်စပ်ချင်းထိစပ်နေပြီး တစ်ချိန်က မဟာမိတ်များဖြစ်ခဲ့သည့် အာဖဂန်နှင့် ပါကစ္စတန်ကြား မကြာသေးမီနှစ်များအတွင်း စစ်သွေးကြွများ၏တိုက်ခိုက်မှုများကြောင့် ဆက်ဆံရေးများ တင်းမာခဲ့သည်။
Ref: AFP















