ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်တွင် သစ်ပင်တစ်ပင်၌ လူလတ်ပိုင်းအမျိုးသားတစ်ဦး နိုဝင်ဘာ ၃ ရက် နံနက် ၂ နာရီခန့်က ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားကြောင်း Medical လူငယ်များ လူမှုကူညီရေးအသင်းမှ သိရသည်။
သင်္ဃန်းကျွန်းမြို့နယ် ဘဝမြင့်ရပ်ကွက် ရတနာလမ်းဘက်ခြမ်း ဗဟိုလမ်းမပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၃.၁၁.၂၀၂၅ နံနက် ၂ နာရီဝန်းကျင်ခန့် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းမြို့နယ်အပိုင် ဘဝမြင့်ရပ်ကွက် ရတနာလမ်းမဘက်ခြမ်း ဗဟိုလမ်းမပေါ် ဗန်ဒါပင်မှ အသက် ၂၇ နှစ်မှ ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရှိသဖြင့် ပိုင်ရှင်သိရှိစေရန်အတွက် ယင်း Medical လူငယ်များ လူမှုကူညီရေးအသင်းက လူမှုကွန်ရက်၌ ရေးသားထားသည်။
အဆိုပါကြိုးဆွဲချသေဆုံးသူ အမျိုးသားအား စံပြဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
အောက်တိုဘာ ၂၂ ရက်ကလည်း တာမွေမြို့နယ် မေတ္တာညွှန့်ရပ်ကွက်တွင် အသက် ၂၂ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ အောက်တိုဘာ ၈ ရက် နံနက်ပိုင်းကလည်း တာမွေမြိုနယ်၊ မေတ္တာညွှန့်ရပ်ကွက်တွင် အသက် ၇၄ နှစ်အရွယ်အသက်ကြီးပိုင်း အမျိုးသားတစ်ဦး ရေချိုးခန်းအတွင်း ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့သည်။















