အိန္ဒိယနိုင်ငံ ယူပီပြည်နယ် ကုသိနာရုံမြို့ ကုသိနာရုံမြန်မာကျောင်းတိုက်ဦးစီးပဓာနနာယက အိန္ဒိယနိုင်ငံပရဒေသီ သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) သက်တော်(၈၉) နှစ်၊ သိက္ခာတော် (၆၉) ဝါရှိ မဟာထေရ်မြတ်ကြီးသည် ၁၃၈၇ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၁ ရက်၊ ၂၀၂၅ခုနှစ် အောက်တိုဘာ ၃၁ ရက်(သောကြာနေ့)၊ အိန္ဒိယစံတော်ချိန် နံနက် ၄ နာရီ မိနစ် ၅၀ အချိန်တွင် ယူပီပြည်နယ်မြို့တော် Lucknow ရှိ Medanta ဆေးရုံကြီးတွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ကြောင်း သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ သိရသည်။
ဆရာတော်ကို ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဇီးပင်ကြီးကျေးရွာ ခမည်းတော် ဦးမောင်ကျော်သူ+မယ်တော် ဒေါ်ဝင်းမြဦးတို့မှ ၁၂၉၆ ခုနှစ် တန်ဆောင် မုန်းလပြည့်ကျော် ၁၃ ရက်၊ ၁၉၃၆ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင်ဖဖွားမြင်တော်မူခဲ့သည်။
ဆရာတော်သည် ၁၃၁၀ ပြည့်နှစ်တန်ခူးလဆန်း ၁၅ ရက်နေ့တွင် ရခိုင်ပြည်နယ်မင်းပြားမြို့နယ် ဇီးပင်ကြီးကျေးရွာ ဓမ္မရက္ခိတကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒောဘာသကို ဥပဇ္ဈာယ်ပြုလျက် မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ကြောင်း၊ ၁၃၁၈ ခုနှစ် ကဆုန်လပြည့်ကျော် ၁၀ ရက် နေ့တွင် ရန်ကုန်မြို့မင်္ဂလာရာမပါဠိတက္ကသိုလ်ကျောင်းတိုက် ခဏ္ဍသိမ်တော်၌ ဓမ္မရက္ခိတကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တစန္ဒောဘာသကို ဥပဇ္ဈာယ်ပြုလျက် ရန်ကုန်မြို့နေဦးချိန်တင်+ ဒေါ်ငွေကျင်မိသားစုတို့၏ ပစ္စယာနုဂ္ဂဟဖြင့် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
ဆရာတော်သည် မင်းပြားမြို့နယ် ဇီးပင်ကြီးကျေးရွာ ဓမ္မရက္ခိတကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒောဘာသ၊ စစ်တွေမြို့ စစ်ကဲတော်မင်းကျောင်း ဆရာတော် ဘဒ္ဒန္တ နာဂဝံသ၊ ရန်ကုန်မြို့မင်္ဂလာရာမ ပါဠိတက္ကသိုလ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေသရာဘိဝံသ၊ မန္တလေးမြို့ မစိုးရိမ်တိုက်ဆရာတော် ဘဒ္ဒန္တရာဇိန္တစသည့်ဆရာတော်များထံ၌ ပရိယတ္တိစာပေများသင်ယူဆည်းပူးတော်မူခဲ့ကြောင်း၊ ဆရာတော်သည် အစိုးရ ပထမပြန်စာမေးပွဲတွင် ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်းတို့ကို အောင်မြင်ခဲ့ပြီး B.A. (သမိုင်း) ဘွဲ့ကို ၁၉၇၃ ခုနှစ်၊ M.A.(သမိုင်း) ဘွဲ့ကို ၁၉၇၅ ခုနှစ်၊ M.A. (ပါဠိ) ဘွဲ့ကို ၁၉၇၇ ခုနှစ်၊ LLB ဘွဲ့ကို ၁၉၈၃ ခုနှစ်၊ Ph.D (အိန္ဒိယ) ဘွဲ့ကို ၁၉၈၆ ခုနှစ်တွင် အောင်မြင်တော်မူခဲ့ကြောင်း သိရသည်။
ဆရာတော်သည် အိန္ဒိယနိုင်ငံ ကုသိနာရုံ မြန်မာကျောင်းတိုက်၌ စာသင်သားရဟန်း၊ သာမဏေတို့အားနေ့ဝါ၊ ညဝါ ပရိယတ္တိစာပေများကို သင်ကြားပို့ချတော်မူခဲ့ကြောင်း၊ ထို့ပြင် (က) ဓမ္မပဒ (ဟိန္ဒီ၊ အင်္ဂလိပ်)၊ (ခ) ကထိန်အကြောင်း သိကောင်း စရာ (နေပါလီ)၊ (ဂ) မဇ္ဈိမဒေသ သာသနာပြု အတွေ့အကြုံများ (၁)၊ (ဃ) မဇ္ဈိမဒေသ သာသနာပြုအတွေ့အကြုံများ (၂)၊ (င) ကိုရီးယားနိုင်ငံ သာသနာပြု အတွေ့အကြုံ စသည့်ကျမ်းတို့ကို ရေးသားပြုစုခဲ့ကြောင်း သိရသည်။
ဆရာတော်သည်အိန္ဒိယနိုင်ငံပရဒေသီသံဃနာယကအဖွဲ့ စတင်ဖွဲ့စည်းစဉ်ကပင် ဒုတိယဥက္ကဋ္ဌဆရာတော်အဖြစ် လည်းကောင်း၊ ၂၀၂၅ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းသည့် ပရဒေသီသံဃနာယကအဖွဲ့၏ ဥက္ကဋ္ဌဆရာတော်အဖြစ်လည်းကောင်း၊ ကုသိနာရုံဘုရားဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်အဖြစ်လည်းကောင်း၊ ၁၉၈၈ ခုနှစ်မှစ၍ ကမ္ဘာ့ဗုဒ္ဓဘာသာအသင်းကြီးတွင် အမြဲတမ်းအဖွဲ့ဝင်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံ ယူပီပြည်နယ်တွင်ဘုရားကျောင်း၊ စာသင်ခန်းမများစွာတို့ကိုဆောက်လုပ်လှူဒါန်းခဲ့ကြောင်း၊ ဗုဒ္ဓဘာသာနှင့်ဆိုင်သော နိုင်ငံတကာအစည်းအဝေးများကိုလည်း တက်ရောက်ခဲ့ကြောင်း၊ ဗုဒ္ဓယဉ်ကျေးမှုစာပေများကို နှစ်စဉ်သင်တန်းသား/သူများအား ပို့ချသင်ကြားပေးခြင်း၊ ရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာများကျင်းပပေးခြင်း၊ ဘာသာရေးဟောပြောပွဲများဆောင်ရွက်ခြင်း၊ ပြည်တွင်းပြည်ပ ပရဟိတလုပ်ငန်းများစွာတို့ကို ဆောင်ရွက်ခဲ့သည်။
ယင်းနောက် ဗုဒ္ဓမြတ်စွာသာသနာတော်အကျိုးကိုထက်သန်သောဝီရိယတို့ဖြင့် သယ်ပိုးဆောင်ရွက်တော်မူသော၊ သာသနဓုရာဝဟဂုဏ်၊ အဂ္ဂမဟာပဏ္ဍိတလဒ္ဓလဉ္ဆနဂုဏ်၊ ရတ္တညူမဟာ နာယကဂုဏ်၊ ပိဋကတ္တယဆေကဂုဏ်၊ လဇ္ဇီပေ သလသိက္ခာကာမဂုဏ် စသည်တို့နှင့်ပြည့်စုံတော်မူသော ဆရာတော်ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရကို ၁၉၉၃ ခုနှစ်(၁၃၅၄ ခုနှစ်) တွင် အဂ္ဂမဟာပဏ္ဍိဘွဲ့ကိုလည်းကောင်း၊ ၂၀၀၅ ခုနှစ် (၁၃၆၆ ခုနှစ်) တွင် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘွဲ့ကို လည်းကောင်း၊ ၂၀၁၆ ခုနှစ် (၁၃၇၇ခုနှစ်)တွင် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့ကို လည်းကောင်း၊ ၂၀၂၁ ခုနှစ် (၁၃၈၂ ခုနှစ်)တွင် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ကို လည်းကောင်း နိုင်ငံတော်မှ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆရာတော်ကြီးသည် သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူရင်း သက်တော် ၈၉ နှစ်၊ သိက္ခာတော် ၆၉ ဝါ အရ ၁၃၈၇ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၁ ရက်၊ ၂၃-၁၀-၂၀၂၅ ရက် (သောကြာ နေ့)၊ အိန္ဒိယစံတော်ချိန် နံနက် ၄ နာရီ ၅၀ မိနစ်အချိန်တွင် ယူပီပြည်နယ်မြို့တော် Lucknow ရှိ Medanta ဆေးရုံကြီးတွင် ဘဝနတ်ထံပျံလွန်တော်မူကြောင်း သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ သိရသည်။















