■ နော်တင်ဟမ်အသင်းနည်းပြအဖြစ် ရှောင်ဒိုက်ကို တရားဝင်ခန့်အပ်

■ နော်တင်ဟမ်အသင်းနည်းပြအဖြစ် ရှောင်ဒိုက်ကို တရားဝင်ခန့်အပ်
Photo : Nottingham Forest
Photo : Nottingham Forest
Published 21 October 2025

နော်တင်ဟမ်ဖောရက်စ်အသင်းဟာ အသင်းနည်းပြသစ်အဖြစ် အင်္ဂလိပ်လူမျိုး ရှောင်ဒိုက်ကို တရားဝင်ခန့်အပ်ခဲ့ပါတယ်။

ရှောင်ဒိုက်(၅၄ နှစ်)ဟာ နော်တင်ဟမ်အသင်းနဲ့ ၂၀၂၇ ခုနှစ် နွေရာသီအထိ စာချုပ်ချုပ်ဆိုခဲ့ပြီး အခုရာသီမှာ အသင်းရဲ့ တတိယမြောက်နည်းပြ ဖြစ်လာခဲ့တယ်။

နော်တင်ဟမ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီက အောင်မြင်မှုတွေ ရယူပေးခဲ့တဲ့ နူနိုဆန်တိုကို အသင်းပိုင်ရှင်နဲ့ အဆင်မပြေလို့ ထုတ်ပယ်ခဲ့ပြီး ပိုစတီကိုဂလူးနဲ့ အစားထိုးခဲ့ပေမဲ့ ရလဒ်မကောင်းလို့ အခု ရှောင်ဒိုက်ကို ထပ်မံတာဝန်ပေးခဲ့ရတာပါ။

နော်တင်ဟမ်အသင်းဟာ ပိုစတီကိုဂလူးလက်ထက် ပြိုင်ပွဲစုံ ရှစ်ပွဲဆက် နိုင်ပွဲပျောက်ခဲ့ကာ နှစ်ပွဲသရေ၊ ခြောက်ပွဲရှုံးနိမ့်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာလည်း ရှစ်ပွဲအပြီး တစ်ပွဲသာ အနိုင်ရကာ အဆင့် ၁၈ နေရာ ရောက်နေပါတယ်။

နော်တင်ဟမ်အသင်းရဲ့ထုတ်ပြန်ချက်မှာ ''လေးစားစရာကောင်းပြီး အတွေ့အကြုံရှိ ပရီးမီးယားလိဂ်မန်နေဂျာတစ်ယောက်ဖြစ်တဲ့ ရှောင်ဒိုက်ဟာ အသင်းကို နောက်အခန်းကဏ္ဍတစ်ခုအတွက် လွှမ်းညွှန်ပြသပေးဖို့ သဟဇာတဖြစ်မယ့် စရိုက်လက္ခဏာ၊

နည်းစနစ်ပိုင်းထက်မြက်မှုနဲ့ အောင်မြင်မှုသက်သေတွေ ယူဆောင်လာပါတယ်။ ဒေသခံ ဖောရက်စ်လူငယ်ကစားသမားတစ်ယောက်အနေနဲ့ ရှောင်ဒိုက်ဟာ ဖောရက်စ်နဲ့ အသင်းပရိသတ်တွေရဲ့ တန်ဖိုး၊ ဂုဏ်ကျက်သရေကို နားလည်သူပါ။

သူ့ကို ခန့်အပ်မှုဟာ ဒေသတွင်းနဲ့ ဥရောပပြိုင်ပွဲ နှစ်ခုစလုံးမှာ အောင်မြင်တဲ့ပြိုင်ပွဲရာသီဖြစ်ဖို့ အကောင်းဆုံးအခွင့်အလမ်းပါပဲ''လို့ ရေးသားခဲ့ပါတယ်။

ရှောင်ဒိုက်ဟာ သူ့ရဲ့ပထမဆုံးပွဲစဉ်အဖြစ် ပေါ်တိုအသင်းနဲ့ ကြာသပတေးနေ့ကစားမယ့် ယူရိုပါလိဂ်အိမ်ကွင်းပွဲမှာ စတင်ကိုင်တွယ်မှာဖြစ်ပြီး တနင်္ဂနွေနေ့မှာတော့ ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲ ကစားရပါလိမ့်မယ်။

ရှောင်ဒိုက်ရဲ့နည်းပြအဖွဲ့ဝင်တွေအဖြစ် နော်တင်ဟမ်နာမည်ကျော်ကစားသမားဟောင်း အီယန်ဝိုအန်နဲ့ စတိဗ်စတုန်းတို့က ဆောင်ရွက်မှာဖြစ်ပါတယ်။

နော်တင်ဟမ်အသင်းဟာ မန်စီးတီးနည်းပြဟောင်း မန်ချီနီနဲ့ ဆွေးနွေးခဲ့ပြီး ဖူလ်ဟမ်နည်းပြ မာကိုဆေးလ်ဗားနဲ့လည်း သတင်းထွက်ခဲ့ပါတယ်။

Most Read

Most Recent