NLD ပါတီဗဟိုကော်မတီဝင်ဟောင်း ဒေါ်စန္ဒာမင်း NDF ပါတီသို့ဝင်ရောက်ပြီး ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည်

NLD ပါတီဗဟိုကော်မတီဝင်ဟောင်း ဒေါ်စန္ဒာမင်း NDF ပါတီသို့ဝင်ရောက်ပြီး ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည်
Published 29 August 2025

အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်(NLD)ပါတီ ဗဟိုကော်မတီဝင်ဟောင်း ဒေါ်စန္ဒာမင်းသည် အမျိုးသားဒီမိုကရေစီ အင်အားစု(NDF)ပါတီသို့ဝင်ရောက်ပြီး ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

သြဂုတ် ၂၉ ရက်က မန္တလေးမြို့တွင် Eleven Media အပါအဝင် မီဒီယာအချို့နှင့်တွေ့ဆုံစဉ် ၎င်းကအတည်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။

NLD ပါတီအပေါ် နောက်ဆုံးအချိန်အထိသစ္စာရှိခဲ့ကြောင်း၊ လက်ရှိတွင် NLD  ပါတီသည် ဥပဒေအရ မှတ်ပုံတင်ခွင့် မရှိတော့သည့်အတွက် ပါတီသည်ဥပဒေအရ မရှိတော့ဟုပြော၍ရကြောင်း၊ ထို့ကြောင့် NDF ပါတီသို့ ၂၀၂၅ ခုနှစ် သြဂုတ် ၈ ရက်တွင် စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်စန္ဒာမင်းကပြောကြားသည်။

 “NDF ပါတီဆိုတာ ကျွန်မတို့နဲ့မစိမ်းခဲ့တဲ့ ပါတီဖြစ်တယ်။ နောက်တစ်ခု အဓိကတော့ ကျွန်မတို့က နိုင်ငံရေးသမားဖြစ်တဲ့အတွက် ကျွန်မတို့ဒီခေါင်းဆောင်က ဘယ်သူလည်းဆိုတဲ့ဟာမျိုး၊ လူပုဂ္ဂိုလ်ဆိုတာထက် ပါတီရဲ့ မူဝါဒကကျွန်မတို့အတွက် အရေးကြီးတယ်။ ကျွန်မတို့က မူဝါဒ၊ သူတို့ချမှတ်ထားတဲ့ မူဝါဒ၊ ကိုယ်လိုက်နိုင်တဲ့၊ ကိုယ်ရဲ့စိတ်နဲ့လိုက်လျောညီထွေရှိတဲ့မူဝါဒလား။ ကိုယ်လက်ခံနိုင်တဲ့ မူဝါဒလားဆိုတဲ့ဟာမျိုးကို အရင်ကြည့်ပါတယ်။ သူရဲ့မူဝါဒသည် နိုင်ငံရေးမူဝါဒအရ လစ်ဘယ်ရယ်လစ်ဇင်ကို သွားတာဖြစ်တဲ့အတွက် ဒါကိုကျွန်မလက်ခံနိုင်တယ်။ ဆိုရှယ်လစ်ဇင်ကိုသွားတဲ့ဖြစ်တဲ့အတွက် ကျွန်မလက်ခံနိုင်တဲ့ နိုင်ငံရေးပါတီရဲ့မူဝါဒတစ်ခုဖြစ်တယ်။ ဒါဒီအတွက်လည်း ဒီပါတီကိုလက်ခံလိုက်တာဖြစ်တယ်ဟု ဒေါ်စန္ဒာမင်းက ပြောကြားသည်။

ထို့ပြင် NDF ပါတီသည် NLD ပါတီမှခွဲထွက်ခဲ့သည့် ပါတီဖြစ်၍ လက်ခံခဲ့ခြင်းမဟုတ်ကြောင်း၊ NDF ပါတီသို့မဝင်ရောက်မီ ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် နှစ်လခန့်ပူးတွဲ၍ လုပ်ငန်းများ ဆောင်ရွက်ကြည့်သည့်အခါ ၎င်းတို့၏လုပ်ငန်းဆောင်ရွက်မှု၊ ခံယူချက်၊ ပါတီတွင်းဆက်ဆံမှုစသည်တို့အား အဆင်ပြေမပြေလေ့လာ၍ ဝင်ရောက်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ပါတီတစ်ခုကို ဝင်လိုက်တယ်ဆိုရင် ကျွန်မတို့အရေးကြီးတာက ဒီပါတီထဲမှာရှိနေတဲ့ သူတွေရဲ့ ခံယူချက်တွေ၊ နိုင်ငံရေးခံယူချက်တွေ၊ ကိုယ့်တိုင်းပြည်ပေါ်မှာထားတဲ့ သဘောထားတွေ၊ ဒါတွေကအရမ်းအရေးကြီးတယ်။ ဒီလူတွေရဲ့ သဘောထားဆက်ဆံရေး၊ ပြည်သူပေါ်မှာဆက်ဆံရေး၊ နိုင်ငံပေါ်မှာဆက်ဆံရေး၊ အထူးသဖြင့်စစ်တပ်နဲ့ ပတ်သက်တဲ့ခံယူချက်တွေ၊ ဆက်ဆံရေးတွေ၊ ဒါတွေကိုလည်းကျွန်မ အများကြီးလေ့လာပါတယ်။ လေ့လာပြီးတော့မှ ဆုံးဖြတ်လိုက်တာပါ။ ကျွန်မသူတို့နဲ့ အလုပ်တွဲလုပ်ကြည့်တဲ့အခါမှာ အဆင်ပြေတယ်။ လက်ခံနိုင်တဲ့ ဆက်ဆံရေးမျိုးတွေရှိတယ်။

အစွန်းရောက်တဲ့ ဝါဒမဟုတ်ဘူး။ နောက်တစ်ခုက နိုင်ငံရေးကို လုပ်စားမယ့်ပါတီမဟုတ်ဘူးဆိုတဲ့ဟာမျိုးကို ကျွန်မလက်ခံတဲ့အတွက် ဒီပါတီကိုဝင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ် ဟု ဒေါ်စန္ဒာမင်းက ပြောကြားသည်။

လာမည့်ရွေးကောက်ပွဲတွင် နိုင်သူကုန်ယူ(FPTP)စနစ်ဖြင့်ကျင်းပမည့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မဲဆန္ဒနယ်ကိုပါတီက ချပေးမည်ဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌သာ ဖြစ်မည်ဖြစ်ကြောင်း၊ ပါတီ၌လွှတ်တော်ကိုယ်စားလှယ် လောင်းများပြည့်နေပြီး ပါတီကစိစစ်၍ အရေးကြီးသည့်မြို့နယ်အလိုက် ချပေးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကျွန်မတော့ ပြည်သူ့လွှတ်တော်မှာ ဆောင်ရွက်လာတာဖြစ်တဲ့အတွက် အဓိက လွှတ်တော်ကို စဉ်းစားတာပါ။ ပြည်သူ့လွှတ်တော်မှာ ကျွမ်းကျွမ်းကျင်ကျင်လုပ်နိုင်တာ ဖြစ်တာဖြစ်တဲ့အတွက် ပြည်သူ့လွှတ်တော်ကို ရွေးချယ်တာဖြစ်ပါတယ်။ ကျွန်မနိုင်ငံကိုချစ်တယ်။ ကျွန်မတိုင်းပြည်ကို အခုလိုမျိုးယိုယွင်းနေတယ်။ အဖက်ဖက်ကနေ အားနည်းနေတဲ့အခြေအနေမှာ ကျွန်မတို့ကကိုယ့်ကိုယ်ကို နိုင်ငံရေးသမားလို့ သတ်မှတ်ထားတယ်။ တိုင်းပြည်အတွက် ဆောင်ရွက်ပေးချင်တယ်။ ဒါကြောင့်မို့ ကျွန်မကျန်းမာနေသေးတယ်။ ဦးနှောက်ကောင်းနေသေးတယ်။ ဒီလိုအခြေအနေမှာ တိုင်းပြည်အတွက် ဆောင်ရွက်ပေးနိုင်တဲ့ အခြေအနေရှိတာ ဖြစ်တဲ့အတွက် ကျွန်မစိတ်တွေက ဆောင်ရွက်ပေးချင်သေးတယ်။ နောက်ပြီးတော့ကျွန်မ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဖြစ်ချင်တယ်။ လွှတ်တော်ထဲမှာ တိုင်းပြည်အတွက် ဆောင်ရွက်ပေးချင်တယ်။ ဒါကြောင့်ဆက်ပြီးတော့ ကျန်းမာရေးကောင်းနေသ၍ ဝင်ဖို့ဆုံးဖြတ်ပါတယ် ဟု ဒေါ်စန္ဒာမင်းက ပြောကြားသည်။

ထို့ပြင် ရွေးကောက်ပွဲလုံခြုံရေးနှင့်ပတ်သက်၍ တစ်ဦးတစ်ယောက် လုံခြုံရေးဆိုခြင်းထက် ဥပဒေအရ ကာကွယ်ပေးနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် လုံခြုံရေးကိုတာဝန်ယူပေးမည်ဟု နိုင်ငံတော်က ကြေညာထားပြီးဖြစ်သည့်အတွက် ယုံကြည်ကြောင်း၊ မဲဆန္ဒရှင်များအနေဖြင့်လည်း မဲပေးရန်ကြောက်ရွံ့နေရန်မလိုဘဲ လုံခြုံမှုရှိစေရမည်ဟု လက်ရှိအစိုးရအနေဖြင့် တာဝန်ယူထားသဖြင့် ယုံကြည်စေလိုကြောင်း ဒေါ်စန္ဒမာမင်းက ပြောကြားသည်။

ဒါကိုကျွန်မယုံကြည်တယ်။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်တာဖြစ်တယ်။ နောက်ပြီးတော့ မဲပေးမယ့်မဲဆန္ဒရှင်တွေအတွက်ကလည်း ပူစရာမလိုဘူးထင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ငါးနှစ်လောက်ပေါ့ တိုင်းပြည်မှာ အခြေအနေဆိုးတယ်လို့ ပြောနေပေမယ့် လုပ်မယ်ဆိုသောပွဲတွေ၊ အခမ်းအနားတွေ အားလုံးကိုဖြစ်မြောက်အောက် လုပ်သွားတာမျိုးကို ကျွန်မတွေ့တယ်။ ဒါကြောင့်မို့ရွေးကောက်ပွဲဆိုတာ နိုင်ငံအတွက် အရမ်းအရေးကြီးတဲ့ အခမ်းအနားပွဲ တစ်ခုဖြစ်တယ်။ ဒီဟာမျိုးကို အထိအခိုက်အကျအဆုံးမရှိဘဲ လုပ်ဆောင်သွားနိုင်မယ်လို့ယုံကြည်တယ်။ ဒါကြောင့်မို့ မဲဆန္ဒနယ်ရှင်တွေကိုလည်း ဒါကိုယုံကြည်ပါလို့ ပြောချင်တယ်။ ကိုယ့်မဲတစ်မဲဟာ သိပ်အရေးကြီးတယ်။ ဒီချိန်မှာကိုယ်က မဲမပေးဆိုရင် ဘာဖြစ်သွားမှာလဲ၊ ငါကတော့ မဲလာမပေးဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို မချလိုက်ပါနဲ့။ ကိုယ်မဲမပေးချင်ရင် ကိုယ်မအုပ်ချင်သော၊ ကိုယ်မကြိုက်သူတွေ တက်သွားမှာဖြစ်တဲ့အတွက် ကိုယ်ကြိုက်သောသူတွေ လွှတ်တော်ထဲရောက်သွားနိုင်ဖို့ ကိုယ့်ရဲ့မဲတစ်မဲဟာအရေးကြီးပါတယ်။ ဒါအတွက် မဲပေးရမယ့်နေ့မှာ မဖြစ်မနေ မဲသွားပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ် ဟု ဒေါ်စန္ဒာမင်းက ပြောကြားသည်။

NDF ပါတီသို့ ဒေါ်စန္ဒာမင်းကဲ့သို့ပင် ပြည်သူ့ဆောင်ရှေ့ဆောင်ပါတီ(PPP) အထွေထွေအတွင်းရေးမှူးတာဝန်မှ နုတ်ထွက်ခဲ့သည့် ဒေါက်တာမျိုးဆက်သွေးသည်လည်း NDF ပါတီသို့ဝင်ရောက်ခဲ့သည်။

ဒေါ်စန္ဒာမင်းသည် NLD ပါတီကိုယ်စားပြု၍ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရပြီး တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

Most Read

Most Recent