အာဆင်နယ်အသင်းဟာ အိုင်ယာလန်ကလပ် ရှမ်ရော့ခ်ရိုဗာအသင်းက ဆယ်ကျော်သက်ကွင်းလယ်ကစားသမား အော့ဇ်ဟီယန်ဗူနာကို အသက်(၁၈)နှစ်ပြည့်ချိန်မှာ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ကြောင်း သိရပါတယ်။
ရုရှားနဲ့ နိုင်ဂျီးရီးယားမိဘတွေက မွေးဖွားခဲ့တဲ့ အော့ဇ်ဟီယန်ဗူနာဟာ အသက်(၁၆)နှစ်သာ ရှိသေးပေမဲ့ ရှမ်ရော့ခ်ရိုဗာအသင်းနဲ့အတူ အိုင်ယာလန်ပရီးမီးယားလိဂ်မှာ ကစားခွင့်ရနေသူဖြစ်ပါတယ်။
၂၀၂၅ မှာ အိုင်ယာလန်ယူ-၁၇ အသင်းအတွက် ရွေးချယ်ခံခဲ့ရတဲ့ အော့ဇ်ဟီယန်ဗူနာကို ဥရောပထိပ်သီးအသင်းများစွာက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြပြီး အာဆင်နယ်အသင်းက ပြီးခဲ့တဲ့ ဧပြီလကတည်းက ဆက်သွယ်ကြိုးပမ်းခဲ့ကြောင်း သိရပါတယ်။
လက်ရှိအချိန်မှာတော့ အာဆင်နယ်အသင်းက ရှမ်ရော့ခ်ရိုဗာအသင်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီး စပါးအသင်း မယ်လီယာကို ခေါ်ယူခဲ့စဉ်က ပြောင်းရွှေ့ကြေး ပေါင်(၁.၆)သန်းထက် ပိုများခဲ့တာကြောင့် အိုင်ယာလန်လိဂ်ကစားသမားတွေထဲမှာ တန်ဖိုးအကြီးဆုံးအဖြစ် မှတ်တမ်းဝင်မယ်လို့ သိရပါတယ်။
အော့ဇ်ဟီယန်ဗူနာဟာ အသက်(၁၈)နှစ်ပြည့်မယ့် ၂၀၂၇ ဇန်နဝါရီမှာ အာဆင်နယ်ကစားသမားအဖြစ် စတင်ခွင့်ရမယ်လို့ သိရပါတယ်။















