ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ဥက္ကဋ္ဌ စတိဗ်ပါရစ်ရှ်က အင်္ဂလန်နောက်ခံလူ ဂူဟီကို ပြောင်းရွှေ့ကြေးအများဆုံးပေးမယ့်အသင်းထံ ရောင်းထုတ်ဖွယ်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဂူဟီဟာ ခရစ္စတယ်ပဲလေ့စ်အသင်းခေါင်းဆောင်ဖြစ်ပြီး နည်းပြ ဂလက်စ်နာက အသင်းမှာ ဆက်ထိန်းထားဖို့ ဆန္ဒရှိနေသူပါ။
ဒါ့ကြောင့် စတိဗ်ပါရစ်ရှ်နဲ့ ဂလက်စ်နာတို့ကြား သဘောထားကွဲလွဲမှုတွေ ရှိလာခဲ့ကြောင်း သိရပါတယ်။
အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ ဂူဟီရဲ့စာချုပ်သက်တမ်းမှာ ၂၀၂၆ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်လို့ ခရစ္စတယ်ပဲလေ့စ်အသင်းအနေနဲ့ သက်တမ်းတိုးနိုင်ခြင်းမရှိရင် လာမယ့်နွေရာသီမှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ထွက်ခွာခွင့်ပြုရမှာပါ။
''သူက သက်တမ်းတိုးဖို့ ဆန္ဒမရှိဘူးဆိုရင် ကျွန်တော်တို့ အခြေအနေကို ကြည့်ရမှာပါ။ ဒါက ခက်ခဲတဲ့ အခြေအနေတစ်ခု ဖြစ်နေပါတယ်။ ဥရောပမှာ ယှဉ်ပြိုင်ရတဲ့အခါ ဘဏ္ဍာရေးစည်းမျဉ်းတွေက ပရီးမီးယားလိဂ်ထက် ပိုပြီးတင်းကျပ်ပါတယ်။ ကစားသမားတွေကို ပြောင်းရွှေ့ ကြေးအလွတ်နဲ့ ထွက်ခွာခွင့်ပြုရတာက ဘောလုံးကလပ်အသင်းတစ်သင်းအတွက် ကောင်းမွန်တဲ့ အခြေအနေတစ်ရပ် မဟုတ်ပါဘူး။ ဒါကြောင့် လာမယ့် ၁၁ ရက်အတွင်း ဘာတွေ ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ''ဟု စတိဗ်ပါရစ်ရှ်က ပြောကြားခဲ့ပါတယ်။















