ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် လက်နက်ကိုင်အချင်းချင်း စည်းလုံးညီညွတ်မှုပိုမိုရရှိရန်အတွက်ဟုဆိုကာ ကရင်လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ဖြစ်သည့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နှင့် နယ်ခြားစောင့်တပ် (BGF) ထိပ်ပိုင်းခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းများ၏ သတင်းဖော်ပြချက်များအရ သိရသည်။
ဩဂုတ် ၁၈ ရက်က ကရင်လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ဖြစ်သည့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)နှင့် နယ်ခြားစောင့်တပ် (BGF) ထိပ်ပိုင်းခေါင်းဆောင်များမှာ DKBA ဌာနချုပ်ရှိရာ မြဝတီမြို့အနီးရှိ ဆုံဆည်းမြိုင်ဒေသတွင် တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ထိုတွေ့ဆုံဆွေးနွေးပွဲတွင် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီး၊ ဒု-စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောရွှေဝ၊ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင်၊ ဗိုလ်မှူးချုပ် စိုင်းကျော်လှစသည့် ထိပ်ပိုင်းခေါင်းဆောင်များနှင့် BGF မှ တပ်နယ် (၂) ဗျူဟာမှူး ဗိုလ်မှူးချုပ် စောတင်ဝင်း၊ အမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးချုပ် စောမုတ်သုန် စသည့် ထိပ်ပိုင်းခေါင်းဆောင်များ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ ကရင့်အမျိုးသားအလံတော်တစ်ခုအောက်တွင် ပြန်လည် စည်းလုံးညီညွတ်ချိန်တန်ပြီးဖြစ်ကြောင်းနှင့် ပြည်သူလူထုများလည်း ငြိမ်းချမ်းစွာ နေထိုင်နိုင်ရန်အတွက် လက်တွဲဆောင်ရွက်နိုင်ရန်အတွက် ယခုလိုတွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း DKBA ဒု - စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောရွှေဝက ဒေသတွင်း သတင်းမီဒီယာများထံ ပြောကြားထားချက်များအရ သိရသည်။
လတ်တလောတွင်လည်း နယ်စပ်ကုန်သွယ်ရးလမ်းကြောင်းပေါ်ရှိ မြဝတီ - ကော့ကရိတ် အာရှလမ်းပိုင်းတွင်လည်း မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့အစည်းများအကြား ထိတွေ့တိုက်ပွဲများအကြား နေ့စဉ်ဖြစ်ပွားနေကြောင်းလည်း သိရသည်။
ထို့အပြင် မြန်မာ - ထိုင်း နယ်စပ်တလျှောက်တွင်လည်း တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည့်အတွက်ကြောင့် ဒေသခံပြည်သူများမှာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ နေရပ်စွန့်ခွာကာ စစ်ဘေးတိမ်းရှောင်နေကြရသည့် အခြေအနေမျိုးရှိနေကြောင်းလည်း သိရသည်။
ကရင်လက်နက်ကိုင်များ စည်းလုံးညီညွတ်မှသာ ဒေသတွင်းပြည်သူလူထုများ အေးအေးချမ်းချမ်း နေထိုင်နိုင်မည်ဖြစ်၍ ဒေသတွင်း ပဋိပက္ခများကို လျော့ချနိုင်မည့် နည်းလမ်းများကို ရှာဖွေရန်အတွက် တွေ့ဆုံညှိနှိုင်း၊ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်းကို ယင်းတွေ့ဆုံမှုတွင် ပါဝင်ခဲ့သူ BGF မှ အမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးချုပ် စောမုတ်သုန်က တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် သတင်းမီဒီယာများသို့ ပြောကြားခဲ့သည်။
နယ်မြေဒေသအေးချမ်းရန်နှင့် စည်းလုံးညီညွတ်ကြရန်အတွက် ပဋိပက္ခများအား မည်သို့ဖြေရှင်းကြမည်ကို ပေါင်းစပ်ညှိနှိုင်းကြသည့် သဘောဖြစ်ကြောင်းနှင့် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ ညီညွတ်မှသာ ပြည်သူလူထုက စိတ်ချမ်းသာမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။
၎င်းအပြင် ဒေသတွင်း လက်နက်ကိုင် ပဋိပက္ခများကြောင့် ဝေါလေဒေသမှ ထိုင်းနိုင်ငံဘက်ခြမ်းသို့ စ်ရှောင်အဖြစ် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူများ နေရပ်သို့ ငြိမ်းငြိမ်းချမ်းချမ်း ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေးအတွက် လုပ်ဆောင်ရမည့် နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ဗိုလ်မှူးချုပ် စောမုတ်သုန်က ဆိုထားသည်။
ထိုကရင်လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ဖြစ်သည့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နှင့် နယ်ခြားစောင့်တပ် (BGF) ထိပ်ပိုင်းခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲသို့ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ကရင်အမျိုးသားအစည်းအရုံး ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA - PC) တို့မပါဝင်ခဲ့ပေ။
ကရင်လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြသည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA - PC)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နှင့် နယ်ခြားစောင့်တပ် (BGF) တို့မှ ထိပ်ပိုင်းခေါင်းဆောင်များတွေ့ဆုံ၍ “ကရင်လက်နက်ကိုင်များ စည်းလုံးညီညွတ်ရေးကော်မတီ” တစ်ရပ်ကို ပြီးခဲ့သည့် (၂၀၁၃) ခုနှစ် မေ ၂၈ ရက်က ဖွဲ့စည်းခဲ့ဖူးကြောင်း သိရသည်။















