■ တောင်ဥက္ကလာပမြို့နယ်ရှိ ဖုန်းဆိုင်တစ်ဆိုင် ဖုန်းနှင့်ငွေများ ဖောက်ထွင်းခိုးယူခံရပြီး ဆိုင်ရှေ့ရှိ Crown အမျိုးအစား ကားတစ်စီးပါ ခိုးယူသွား

■ တောင်ဥက္ကလာပမြို့နယ်ရှိ ဖုန်းဆိုင်တစ်ဆိုင် ဖုန်းနှင့်ငွေများ ဖောက်ထွင်းခိုးယူခံရပြီး ဆိုင်ရှေ့ရှိ Crown အမျိုးအစား ကားတစ်စီးပါ ခိုးယူသွား
Published 16 August 2025

တောင်ဥက္ကလာပမြို့နယ်ရှိ ၇ ရပ်ကွက် ၅/၇ ဗြဟ္မစိုရ်လမ်းရှိ Arr Pit IDevice ဖုန်းဆိုင်တစ်ဆိုင် ယနေ့(သြဂုတ် ၁၆ ရက်) နံနက်ပိုင်းက ဖုန်းနှင့်ငွေများ ဖောက်ထွင်းခိုးယူခံရပြီး ဆိုင်ရှေ့ရှိ Crown အမျိုးအစား ကားတစ်စီးပါ ခိုးယူသွားကြောင်း ဆိုင်ပိုင်ရှင်၏ ပြောကြားချက်အရ သိရသည်။

နံနက် ၄ နာရီလောက်တွင် ဖောက်ထွင်းခံရခြင်းဖြစ်ပြီး သိန်းတစ်ရာကျော်တန်ဖိုးရှိ ဖုန်းများနှင့် ငွေငါးသိန်းအပါအဝင် Crown အမျိုးအစား ကားတစ်စီးပါ ခိုးယူခြင်းခံရကြောင်း ဆိုင်ပိုင်က ပြောကြားသည်။

“ညဘက် ကျွန်တော်က ၁၀ နာရီလောက် ကားလာရပ်တယ်။ မနက် ၄ နာရီလောက်မှာ ဖောက်ခံရတာပါ။ ပြောရရင်တော့ ကျွန်တော်တို့ကို အိပ်ငွေ့ချတဲ့ပုံစံ ခိုးသွားတာ။ ပုံမှန်ဆို ကျွန်တော်က ၇ နာရီလောက်ဆို နိုးနေပြီ။ ကျွန်တော်ယောက္ခမဆိုလည်း အစောကြီးနိုးတတ်တယ်။ ခုတော့ ၁၀ နာရီလောက်မှ ထဖြစ်တယ်။ လုံးဝကို အိပ်မောကျနေတဲ့ပုံစံကြီးဖြစ်သွားတာ။ အဲလိုအချိန်မှာ ပြတင်းပေါက်ကနေ ဖွင့်ပြီး ဖောက်သွားတာ။ ဖုန်းလာခိုးတာပေါ့။ ဖုန်းတွေကတော့ သော့ခတ်ထားတယ်။ ဒါပေမယ့် ကားသော့ကို တွေ့တော့ ကားသော့ရယ်၊ မှန်ပေါ်မှာတင်ထားတဲ့ ဖုန်းတွေရယ်၊ ပိုက်ဆံငါးသိန်းရယ် ပါသွားတယ်။ တန်ဖိုးအားဖြင့် ဖုန်းတွေက သိန်းတစ်ရာကျော်လောက်ရှိတယ်” ဟု ၎င်းက ပြောကြားသည်။

အလားတူ ယင်းဖုန်းဆိုင်နှင့်ကပ်လျပ်ရှိ ကိတ်မုန့်ဆိုင်လည်း ဖောက်ထွင်းခံရပြီး ထိုလမ်းထဲ၌ နှစ်အိမ်သုံးအိမ်ခန့် ဖောက်ထွင်းခံရကြောင်းလည်း အဆိုပါဖုန်းဆိုင်ပိုင်ရှင်က ပြောကြားသည်။

“ဘေးက ကိတ်မုန့်ဆိုင်လည်း ဖောက်ခံရတယ်ကြားတယ်။ ကျွန်တော်တို့ လမ်းထဲမှာပဲ နှစ်အိမ်သုံးအိမ်လောက် ဖောက်ခံလိုက်ရတယ်။ ဖောက်ထွင်းတာကတော့ တစ်ယောက်ထဲပဲဗျ။ ကျွန်တော်အထင်တော့ သုံးယောက်လောက်ပါလာမယ်ထင်တယ်။ အရှေ့မှာ လူကြည့်ပေးတာတွေ ရှိအုံးမယ်ထင်တယ်ဗျ” ဟု ၎င်းက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများကို ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာရဲစခန်းသို့ တိုင်ကြားထားကြောင်း သိရသည်။

Most Read

Most Recent