■ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF အဖွဲ့ဝင် နှစ်ဦးကို လက်နက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ အသေဖမ်းဆီးရမိဟုဆို
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ PDF အဖွဲ့က DENKO စက်သုံးဆီဆိုင်အား ဝင်ရောက်ဓားပြတိုက်လုယက်ကာ ဆီဆိုင်ဝန်ထမ်းနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ဇူလိုင် ၂၈ ရက် ညနေ ၅ နာရီတွင် မန္တလေး တိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဘကျေးရွာအနီး ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းဘေးရှိ “DENKO” စက်သုံးဆီဆိုင်သို့ PDF အဖွဲ့ အင်အားခြောက်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး ဆီဆိုင်ဝန်ထမ်းများထံမှ လက်ကိုင်ဖုန်း လေးလုံး၊ ရွှေနားကပ် နှစ်ရံ၊ ဆိုင်ကယ် နှစ်စီး၊ ဆီရောင်းချရငွေ ငါးသိန်းကျပ်နှင့် ဆီဖြည့်ရန် ရောက်ရှိနေသည့် ညောင်ဦးမြို့နယ်၊ ဘုန်းတော်ကျေးရွာနေ ဦးစန်းယု(၃၈)နှစ်၏ HONDA Fit အမျိုးအစား အဖြူရောင် မော်တော်ယာဉ်တစ်စီးတို့အား လုယက်ယူဆောင်ပြီး ဆီဆိုင်ဝန်ထမ်းများအနက် ဆီဆိုင်မန်နေဂျာ ဖြစ်သူ ညောင်ဦးမြို့၊ အမှတ်(၅)ရပ်ကွက်နေ ဦးဝင်းမြင့်ထွန်း(ခ)ဦးညီညီထွန်း(၄၀)နှစ်နှင့် ဒုမန်နေဂျာ ဖြစ်သူ ညောင်ဦးမြို့နယ်၊ တောင်ဘကျေးရွာနေ ဦးဆန်းလွင်ဦး(၄၂)နှစ်တို့နှစ်ဦးအား ဖမ်းဆီး ခေါ်ဆောင်၍ ညောင်တိုကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေရှင်းရေးလုပ်ငန်းများအား လိုက်လံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် အဆိုပါစက်သုံးဆီဆိုင်၏ အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာ ကန်ပေါက်(အရှေ့)ကျေးရွာနှင့် ကျောက်ကန်ကျေးရွာကြားအရောက် PDF အဖွဲ့ဝင် လေးဦး(စိစစ်ဆဲ)က လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ရှင်းလင်းခဲ့ရာ PDF အဖွဲ့ဝင် နှစ်ဦးအား MA-13 သေနတ် တစ်လက်၊ ၎င်းကျည် ၁၀ တောင့်၊ ကျည်အိမ် တစ်ခု၊ MA- 1 သေနတ် တစ်လက်၊ ၎င်းကျည် ၁၀ တောင့်နှင့် ကျည်အိမ် တစ်ခုတို့နှင့်အတူ အသေပစ်ခတ် ဖမ်းဆီးရမိခဲ့ပြီး ကျန်နှစ်ဦးသည် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
အထက်ပါဖြစ်စဉ်မှ “DENKO” စက်သုံးဆီဆိုင်အား ဝင်ရောက်ဓားပြတိုက်လုယက်ကာ ဆီဆိုင်ဝန်ထမ်းနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် PDF များအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ညောင်ဦးမြို့မရဲစခန်း၌ (ပ)၆၂/၂၀၂၅၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ခ) ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိပြီး ဖမ်းဆီးခံရသူများအား ပြန်လည်ကယ်တင်နိုင်ရေးနှင့် လုယက်ယူဆောင်သွားသည့် ပစ္စည်းများ ပြန်လည်သိမ်းဆည်းရရှိရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။















