တီးတိန်မြို့ပေါ်ရှိ အခြေခံပညာစာသင်ကျောင်း ရှစ်ကျောင်းမှ ပညာရေးဝန်ထမ်းများထံသို့ ခြိမ်းခြောက်စာ ပေးပို့ခံရ

တီးတိန်မြို့ပေါ်ရှိ အခြေခံပညာစာသင်ကျောင်း ရှစ်ကျောင်းမှ ပညာရေးဝန်ထမ်းများထံသို့ ခြိမ်းခြောက်စာ ပေးပို့ခံရ
Published 16 June 2025

ချင်းပြည်နယ် တီးတိန်မြို့နယ် တီးတိန်မြို့ပေါ်ရှိ အခြေခံပညာစာသင်ကျောင်းရှစ်ကျောင်းမှ ပညာရေးဝန်ထမ်းများထံသို့ ၂၀၂၅ ခုနှစ် ဇွန် ၁၂ ရက် ညနေ ၅ နာရီ တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ခြိမ်းခြောက်စာများ ပေးပို့သွားကြောင်း သိရသည်။

တီးတိန်မြို့ လေးလုမ်းရပ်ကွက်နေသူများဖြစ်ကြသည့် အမှတ် (၆)အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါ်မန်းဇဝုန် (၅၄ နှစ်)၊ အမှတ် (၁) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါ်နိန်ခေါမန်း (၅၃ နှစ်)၊ လွယ် ဘွာလ်းရပ်ကွက်နေသူများဖြစ်ကြသည့် အမှတ် (၅) အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမ ဒေါ်ဇမ်းခန့်နွမ်း (၃၈ နှစ်)၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါ်ကျောင် ငိုက်လွန်း (၃၄ နှစ်)၊ မြို့မရပ်ကွက်နေသူများ ဖြစ်ကြသည့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခွဲမှ အလယ်တန်းပြဆရာမ ဒေါ်ကျင်းအင်းညောင် (၅၃ နှစ်)၊ ရုံးအကူဝန်ထမ်း ဒေါ်ဝုန်ရှန်းမွဲ (၂၅ နှစ်)၊ စကောလမ်းရပ်ကွက်နေသူများဖြစ်ကြသည့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါ်မန်းတူလ်ကျိန် (၅၆ နှစ်) နှင့် အမှတ် (၃) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါ်ကျင့်မင့်ထန် (၄၉ နှစ်) တို့ ရှစ်ဦးအား အသက် ၂၀ နှစ်ခန့်ရှိ လူနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ခြိမ်းခြောက်စာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 အဆိုပါစာတွင် တီးတိန်မြို့နယ်အတွင်း နစက၏ ပညာရေးလုပ်ငန်းဖော်ဆောင်မှုများကို Zomi Federal Union (ZFU) ၏ ပညာရေးဌာနတစ်ခုဖြစ်သော တီးတိန်မြို့နယ်ပညာရေးဘုတ်အဖွဲ့သည် လုံးဝ (လုံးဝ) တားမြစ်ထားပါကြောင်း နစက၏ လက်ပါးစေဝန်ထမ်းများသည် ပြည်သူ့ပညာရေးလုပ်ငန်းများတွင် မိမိကိုယ်ကျိုး အတွက်သာရည်စူး၍ တော်လှန်ရေးလုပ်ငန်းများ အနှောင့်အယှက်ဖြစ်စေသော လုပ်ဆောင်မှုများကို ထပ်မံတွေ့ရှိပါက ZFU/PDF-Zoland၊ PPF-Zoland၊ မြို့နယ်ပအဖအဖွဲ့နှင့်အတူ လက်တွဲ၍ လိုအပ်သလို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းဖြစ်စဉ်မှ ကျောင်းဆရာ ဆရာမများအား ခြိမ်းခြောက်စာပေးပို့ခြင်းများ လုပ်ဆောင်ခဲ့သူများအား ဖမ်းဆီး အရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent