အိန္ဒိယနှင့် ပါကစ္စတန်တို့သည့် ၎င်းတို့၏ နျူကလီးယားလက်နက်များကို ထိန်းချုပ်ရန် ပျက်ကွက်ခဲ့ကြောင်း မေ ၁၇ ရက်က အပြန်အလှန် စွပ်စွဲခဲ့ကြသည်။
ထို့ပြင်ကမ္ဘာ့နိုင်ငံများအနေဖြင့် ၎င်းတို့၏ နျူကလီးယား လက်နက်အင်အားကို စောင့်ကြည့်ရန်လည်း အိန္ဒိယနှင့် ပါကစ္စတန်တို့က တိုက်တွန်းခဲ့သည်။
ပါကစ္စတန်၏ နျူကလီးယားလက်နက်တိုက်ကို ကုလသမဂ္ဂ၏ အဏုမြူစွမ်းအင် အေဂျင်စီ၏ စောင့်ကြည့်မှုအောက်တွင် ထားရှိသင့်ကြောင်း ရာ့ဂျ်နက်သ်ဆင်းက ပြောကြားခဲ့ပြီး ပါကစ္စတန်ကမူ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အိန္ဒိယရှိ မှောင်ခိုစျေးကွက်ကို စုံစမ်းစစ်ဆေးသင့်ကြောင်း ပြောကြားခဲ့သည်။
မေ ၁၀ ရက်က အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုမရမီ အိန္ဒိယနှင့် ပါကစ္စတန်တို့သည် အင်ပြည့်အားပြည့် စစ်ပွဲတစ်ခုဖြစ်ပွားလုနီး အခြေအနေသို့ ရောက်ရှိစေခဲ့သည့် အပြန်အလှန်တိုက်ခိုက်မှုများကြောင့် ကမ္ဘာ တစ်ဝန်း စိုးရိမ်မှုများ မြင့်တက်ခဲ့သည်။
“ကမ္ဘာကြီးအတွက် မေးခွန်းတစ်ခုကို ကျွန်တော်မေးချင်ပါတယ်။ ဆိုးသွမ်းပြီး တာဝန်မဲ့တဲ့ နိုင်ငံတစ်နိုင်ငံရဲ့ လက်ထဲမှာ နျူကလီးယား လက်နက်တွေဟာ ဘေးကင်းလုံခြုံပါ့မလားဆိုတဲ့ မေးခွန်းပါ”ဟု ဆင်းက အိန္ဒိယ ဘက်ခြမ်းရှိ စစ်စခန်းတစ်ခုတွင် စစ်သားများကို ပြောကြားခဲ့သည်။
“ပါကစ္စတန်ရဲ့ အဏုမြူလက်နက်တွေကို နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA)ရဲ့ စောင့်ကြည့်မှုအောက်မှာ ထားရှိသင့်ပါတယ်”ဟု ဆင်းက ပြောကြားခဲ့သည်။
နာရီပိုင်းအကြာတွင် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက IAEA အနေဖြင့် အိန္ဒိယရှိ နျူကလီးယားနှင့် ရေဒီယိုသတ္တိကြွ ပစ္စည်းများပါဝင်သည့် တရားမဝင်မှောင်ခို ကူးသည့်ဖြစ်ရပ်များနှင့် ခိုးယူမှုများကို စုံစမ်း စစ်ဆေးသင့်ကြောင်း ပြောကြားခဲ့သည်။
“အဲဒီဖြစ်ရပ်တွေဟာ အိန္ဒိယနိုင်ငံထဲမှာ ထိလွယ်ရှလွယ်ရှိပြီး နှစ်မျိုးသုံးနိုင်တဲ့ ကုန်ပစ္စည်းတွေအတွက် မှောင်ခိုစျေးကွက်တစ်ခု ရှိနေတယ်ဆိုတာကို ပြသနေပါတယ်”ဟု ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ် ပြန်ခဲ့သည်။
မေ ၁၇ ရက်ကမူ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး အစ်ဟက်ဒါးက နှစ်နိုင်ငံကြား အပစ်အခတ်ရပ်စဲရေးကို မေ ၁၈ ရက်အထိ သက်တမ်းတိုးရန် သဘောတူခဲ့ပြီး စစ်တပ်အချင်းချင်း ဆက်သွယ်မှုများရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ဧပြီလအတွင်းက အိန္ဒိယဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသတွင် လူ ၂၆ ဦး သေဆုံးခဲ့သည့် စစ်သွေးကြွများ၏ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ပါကစ္စတန်တွင် အကြမ်းဖက်စခန်းများရှိသည်ဟု အိန္ဒိယက ပြောကြားခဲ့ကာ မေ ၇ ရက်တွင် ပါကစ္စတန်နိုင်ငံအတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်။
ပါကစ္စတန်သည် တိုက်ခိုက်မှုကျူးလွန်ခဲ့သည့် စစ်သွေးကြွများကို ထောက်ပံ့ပေးထားကြောင်း အိန္ဒိယက စွပ်စွဲခဲ့ပြီး ပါကစ္စတန်ကမူ အိန္ဒိယ၏ စွပ်စွဲမှုများကို ငြင်းဆိုခဲ့သည်။
ထို့နောက် နှစ်နိုင်ငံကြား ဒရုန်းများ၊ ဒုံးကျည်များ၊ လက်နက်ကြီးများဖြင့် လေးရက်ကြာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အရပ်သားများအပါအဝင် လူပေါင်း ၇၀ နီးပါး သေဆုံးခဲ့သည်။မေ ၁၀ ရက်တွင်မူ အမေရိကန်၏ ကြားဝင်စေ့စပ်မှုဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့သည်။
Ref:AFP














