နည်းပြလောကရဲ့ GOAT ဂွါဒီယိုလာက ဒီဘရိုင်းနားနဲ့ပတ်သက်ပြီး ပြောဖူးတာရှိတယ်။ ဒီဘရိုင်နားက ဂိုးတွေအများကြီးသွင်းနိုင်တယ်။ အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်တယ်။ ဂိုးဖန်တီးမှု ပြုလုပ်နိုင်တယ်။ နေရာယူကစားပုံလည်း ကောင်းမွန်တယ်။ သူ့ရဲ့ ပွဲအထာဖတ်နိုင်စွမ်းနဲ့ အမြင်ကလည်း သိပ်ထက်မြက်ပါတယ်ဆိုတာပါပဲ။ ဒီဘရိုင်နားဟာ ကမ္ဘာ့အဆင့်စွမ်းရည်ကို မကြာခဏပြသထားနိုင်သူပါ။ ဒဏ်ရာပြဿနာတချို့ ရင်ဆိုင်ရလို့ သူ တိတ်ဆိတ်နေရချိန်တွေ ရှိပေမဲ့ ကစားခွင့်ရချိန်တိုင်း မန်စီးတီးရဲ့ အမှုတော်ကို ထူးချွန်စွာ ထမ်းဆောင်နိုင်သူပါ။
ဘောလုံးလောကရဲ့ ထိပ်တန်းဆုတွေကို တိုက်စစ်ကစားသမားတွေသာ သိမ်းပိုက်နိုင်လေ့ရှိတယ်။ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးဆုပဲဖြစ်ဖြစ်၊ ဖီဖာရဲ့ The Best ဆုပဲဖြစ်ဖြစ်၊ ဂုဏ်သိက္ခာအကြီးမားဆုံးဖြစ်တဲ့ Ballon d'Or ဆုပဲ ဖြစ်ဖြစ်၊ တိုက်စစ် ကစားသမားတွေအတွက် ဖန်ဆင်းပေးထား သလို ဖြစ်နေတာကြာပြီ။ ဘောလုံးလောကမှာ ကျွန်တော်တို့ သိပ်ပြီးစွဲလမ်းရဖူးတဲ့ ကွင်းလယ်လူတွေရှိတယ်။ ခြေစွမ်းတစ်ခုတည်း မဟုတ်ဘဲ ပရိသတ်သန်းပေါင်းများစွာကို လွှမ်းမိုးနိုင်စွမ်းပါ ထည့်ပြီးစဉ်းစားမယ်ဆိုရင် ဘက်ခမ်၊ တော့တီ၊ ရော်နယ်လ်ဒင်ဟို၊ ပီယာလို၊ အိုဇေးလ်၊ ဖာဘရီဂတ်စ်၊ လမ်းပတ်၊ ဂျရတ်၊ အင်နီယေစတာ၊ ဇာဗီ၊ မိုဒရစ် စသူတို့ဟာ မက်ဆီ၊ စီရော်နယ်လ်ဒိုတို့လောက် တန်ဖိုးထားမခံရဘူး။ အမြင့်ဆုံးဆု တံဆိပ်တွေအတွက် သူတို့ဟာ ခပ်ဝေးဝေးမှာ ပဲ ရှိနေခဲ့တယ်။ Ballon d'Or ဆုကို မက်ဆီနဲ့ စီရော်နယ်လ်ဒို ထိန်းချုပ်ထားချိန်မှာ အဲဒီ ကစားသမားတွေဟာ Ballon d'Or ဆုရဲ့ အဝေး ရောက်နေရတယ်။ ၂၀၁၈ ခုနှစ်မှာ ကမ္ဘာ့ဖလားကြောင့် မိုဒရစ်၊ ပြီးခဲ့တဲ့ရာသီမှာ ရိုဒရီရခဲ့တာက လွဲပြီး ကွင်းလယ်ကစားသမားတွေအတွက် နေရာ မရှိခဲ့ဘူး။ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အတွင်း မှာတော့ Ballon d'Or ဆု တစ်ခေတ်ဆန်းချိန်လို့ ဆိုရလိမ့်မယ်။ ကာကာ၊ ရော်နယ်လ်ဒင်ဟို၊ ကင်နာဗာရို၊ နက်ဗက်တို့လို တိုက်စစ်မှူးစစ်စစ်မဟုတ် သူတွေ Ballon d'Or ဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုသမိုင်းကို ပြန်ကြည့်ရင်လည်း ဒီအတိုင်းပါပဲ။ တိုက်စစ်ကစားသမားတွေပဲ စိုးမိုးထား တယ်။ ၁၉၉၄-၉၅ ရာသီမှာ စတင်ချီးမြှင့်ခဲ့တဲ့ ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို တိုက်စစ်ကစားသမား (၁၁)ဦးက (၁၃)ကြိမ်အထိ ရယူထားတယ်။ ကွင်းလယ်ကစားသမား တွေရတာ (၉)ကြိမ်၊ ခံစစ်ကစားသမားတွေရတာ (၅)ကြိမ်နဲ့ ဂိုးသမားဆိုရင် (၁)ကြိမ်ပဲရှိခဲ့တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ပရိသတ်အများစုရဲ့ ရင်ထဲမှာ ဂိုးတွေအများကြီးသွင်းတဲ့ ကစားသမားတွေ စိုးမိုးနေပြီး နည်းဗျူဟာတွေ၊ နည်းစနစ်တွေ၊ ထိပ်တန်းနည်းပြတွေ ဘယ်လိုပဲဖြစ်ဖြစ် ဘောလုံးပွဲတစ်ပွဲရဲ့ အဓိကအဆုံးအဖြတ်ဟာ သွင်းဂိုးတွေ၊ နိုင်ပွဲတွေ ဖြစ်နေပါတယ်။ ဒီတော့ ပရိသတ်အများစုဟာ သွင်းဂိုးတွေနဲ့ ဂိုးသွင်းသူတွေကို စိတ်ထဲ မသိမသာပိုစွဲလမ်းနေတတ်ပါတယ်။ မက်ဆီနဲ့ စီရော်နယ်လ်ဒို အကြီးမြတ်ဆုံးကစားသမားဘဝရောက်အောင် ပါရမီဖြည့်ပေးခဲ့သူများစွာရှိပြီး အဲဒီထဲမှာ ဂိုးဖန်တီးပေးသူတွေ၊ ကွင်းလယ်လူတွေဟာ မရှိမဖြစ်ပါပဲ။ မက်ဆီအတွက် ဇာဗီနဲ့ အင်နီယေစတာဟာ အကောင်းဆုံး ပါရမီဖြည့်ဖက်ဖြစ်သလို၊ စီရော်နယ်လ်ဒိုအတွက် ရွန်နီ၊ ပေါလ်စခိုးလ်၊ မိုဒရစ်၊ ဒီမာရီယာတို့လို ကစားသမားတွေကလည်း မရှိမဖြစ်ပါပဲ။ မန်စီးတီးတစ်ခေတ်အတွက်လည်း ဒီဘရိုင်းနားမရှိရင် မဖြစ်နိုင်ပါဘူး။ ဒီဘရိုင်းနားက မန်စီးတီးကိုရောက်ကတည်းက သွင်းဂိုးတွေ ဖန်တီးပေးနေပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဂိုးဖန်တီးမှုအများဆုံး ကစားသမားစာရင်းထဲလည်း ဒီဘရိုင်နား ရှိနေပါတယ်။
နည်းပြလောကရဲ့ GOAT ဂွါဒီယိုလာက ဒီဘရိုင်းနားနဲ့ပတ်သက်ပြီး ပြောဖူးတာရှိတယ်။ ဒီဘရိုင်နားက ဂိုးတွေအများကြီးသွင်းနိုင်တယ်။ အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်တယ်။ ဂိုးဖန်တီးမှု ပြုလုပ်နိုင်တယ်။ နေရာယူကစားပုံလည်း ကောင်းမွန်တယ်။ သူ့ရဲ့ ပွဲအထာဖတ်နိုင်စွမ်းနဲ့ အမြင်ကလည်း သိပ်ထက်မြက်ပါတယ်ဆိုတာပါပဲ။ ဒီဘရိုင်နားဟာ ကမ္ဘာ့အဆင့်စွမ်းရည်ကို မကြာခဏပြသထားနိုင်သူပါ။ ဒဏ်ရာပြဿနာတချို့ ရင်ဆိုင်ရလို့ သူ တိတ်ဆိတ်နေရချိန်တွေ ရှိပေမဲ့ ကစားခွင့်ရချိန်တိုင်း မန်စီးတီးရဲ့ အမှုတော်ကို ထူးချွန်စွာ ထမ်းဆောင်နိုင်သူပါ။ ဒီဘရိုင်နားဟာ Ballon d'Or ဆုနဲ့ အနီးစပ်ဆုံးအချိန်တွေ ရှိခဲ့ပါတယ်။ မန်စီးတီးတစ်ခေတ်ကို လက်ဆင့်ကမ်းတည်ဆောက်ပေးသူတစ်ဦးဖြစ်တဲ့ ဒီဘရိုင်နားက မန်စီးတီးရဲ့ ဖလားသုံးလုံးအိပ်မက်အတွက် အဓိကအသက်သွေးကြောလည်း ဖြစ်ခဲ့ပါတယ်။ ဒီဘရိုင်နားက ၂၀၂၂ ခုနှစ်၊ Ballon d'Or ဆုပေးပွဲမှာ ဘန်ဇီမာ၊ မာနေတို့ရဲ့နောက် တတိယနေရာနဲ့ ကျေနပ်ခဲ့ရတယ်။ အောင်မြင်မှုအတွက် နောက်ကွယ်ကနေ တိတ်တဆိတ်ပေးဆပ်နေသူဟာ သိပ်ပြီး ပေါ်ပြူလာမဖြစ်သလို၊ လူတွင်ကျယ် မလုပ်တတ်ပါဘူး။ ဒီဘရိုင်းနား မရှိချိန်မှာ ဟာလန်းရဲ့ သွင်းဂိုးတွေ ရပ်တန့်နေပြီး အဲဒီအခြေအနေဟာ ဒီဘရိုင်းနားရဲ့တန်ဖိုးကို ပိုပြီးသိသာစေတယ်။ ဒီဘရိုင်းနားက မန်စီးတီးအတွက် တိတ်ဆိတ်စွာပေးဆပ်ခဲ့သူဖြစ်ပြီး Ballon d'Or ဟာ ရသင့်ပေမဲ့ မရခဲ့တဲ့ ဆုလာဘ်ပါပဲ။
ဒီဘရိုင်းနားရဲ့အနာဂတ်ဘယ်ရောက်မလဲ
ဒီဘရိုင်းနားက မန်စီးတီးမှာ ဆယ်စုနှစ်တစ် ခုကြာကျင်လည်ပြီးနောက် နှုတ်ဆက်ခဲ့ပါပြီ။ မန်စီးတီးတစ်ခေတ်ရဲ့အရေးပါဆုံး ကွင်းလယ်ဖန်တီးရှင်ဟာ မန်စီးတီးနဲ့အတူ ဆုဖလား (၁၆)လုံး ပိုင်ဆိုင်ပြီးနောက် ဂန္ထဝင်စာရင်းဝင်ခဲ့သူပါ။ ဒီဘရိုင်းနားရဲ့အမည်နာမဟာ မန်စီးတီးပရိသတ်တွေရဲ့ နှလုံးအိမ်ထဲ ထာဝရရှင်သန်နေမှာပါ။ မန်စီးတီးကို ချန်ရစ်ပြီးနောက် ဒီဘရိုင်းနားရဲ့အနာဂတ် ဘယ်လိုဖြစ်လာမလဲ။ ဒီဘရိုင်းနားနောက်ထပ်ကစားမယ့်အသင်းက ဘယ်အသင်းလဲဆိုတာ ပရိသတ်အားလုံး စိတ်ဝင်စားနေပါတယ်။ ဒီဘရိုင်းနားရဲ့အနာဂတ်ကို ဘယ်အသင်းသိမ်းပိုက်မလဲ။ အမေရိကန်လား၊ ဆော်ဒီလား၊ ဒါမှမဟုတ် ပရီးမီးယားလိဂ်မှာ မြင်ရဦးမလား။
အမေရိကန်
ဒီဘရိုင်းနားက အတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ်သန်းပြီး ဥရောပကနေ အမေရိကန်မြေဆီ သွားရောက်ဖွယ်ရှိပါတယ်။ မေဂျာလိဂ်က ဒီဘရိုင်းနား ရောက်နိုင်ခြေအများဆုံးရှိတဲ့ရပ်ဝန်းပါ။ မေဂျာလိဂ်ကလပ်အသင်းသစ် ဆန်ဒီယေဂိုက ဒီဘရိုင်းနားကို တခြားအသင်းတွေနဲ့ ဆွေးနွေးခွင့်မရအောင် "Discovery Right" ချုပ်ဆိုဖို့ လုံးပန်းခဲ့ပါတယ်။ ဒါပေမဲ့ ဒီဘရိုင်းနားဘက်က လက်မခံခဲ့ပါဘူး။ အင်တာမိုင်ယာမီအသင်းကလည်း ဒီဘရိုင်းနားကို ချဉ်းကပ်ခဲ့ပါတယ်။ ဒီဘရိုင်းနားသာ အင်တာမိုင်ယာမီ ရောက်သွားရင် မက်ဆီ၊ ဆွာရက်ဇ်တို့ဂိုးတွေဘယ်လောက်တောင်သွင်းမလဲ တွေးရတာရင်ခုန်စရာပါ။ ဒီဘရိုင်းနားကို နောက်ထပ်စိတ်ဝင်စားနေတဲ့ မေဂျာလိဂ်အသင်းက ချီကာဂိုဖိုင်းယားပါ။ ချီကာဂိုဖိုင်းယားအသင်းက ဒီဘရိုင်းနားရဲ့ ကိုယ်စားလှယ်ကတစ်ဆင့် ခေါ်ယူနိုင်အောင် ကြိုးစားနေသလို၊ မန်စီးတီးအသင်းတာဝန်ရှိသူတွေထံ ကိုလည်း ဒီဘရိုင်းနားနဲ့ပတ်သက်ပြီး စုံစမ်းနေပါတယ်။
Saudi Arabia
စီရော်နယ်လ်ဒို ဖောက်ခဲ့တဲ့ ဆော်ဒီလမ်းကို နာမည်ကျော်ကစားသမားများစွာ ထပ်ကြပ်မကွာ လိုက်ခဲ့ကြတယ်။ ဒီဘရိုင်းနားကိုလည်း ဆော်ဒီလိဂ်က မြူဆွယ်နေပါတယ်။ ဆော်ဒီလိဂ်ရဲ့အားက စားဒါရိုက်တာ အီမယ်နာလိုက ဒီဘရိုင်းနားနဲ့ ဇာတ်လမ်းရှိခဲ့ဖူးသူပါ။ ၂၀၁၂ ခုနှစ်တုန်းက ဒီဘရိုင်းနားကို ချယ်လ်ဆီးရောက်အောင် ခေါ်ယူပေးခဲ့သူ ဖြစ်ပါတယ်။ ဒီဘရိုင်းနားရဲ့ကိုယ်စားလှယ်တွေကလည်း ဆော်ဒီလိဂ်အသင်းတချို့နဲ့ ပြောဆို ဆွေးနွေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီဘရိုင်းနားနဲ့ သူ့မိသားစုက ဥရောပနိုင်ငံတွေမှာပဲ အခြေချချင်နေပြီး ဆော်ဒီနိုင်ငံရဲ့ယဉ်ကျေးမှုကို မနှစ်သက်ပါဘူး။
Man City U-turn
မန်စီးတီးမှာပဲ ဒီဘရိုင်းနားဆက်ကစားမလားဆိုတာလည်း စိတ်ဝင်စားစရာပါ။ မေလ(၂) ရက်က ကစားတဲ့ ဝုလ်ဗ်အသင်းနဲ့ အိမ်ကွင်းပွဲစဉ်မှာ ဂိုးသွင်းပြီးနောက် ဒီဘရိုင်းနားက "မန်စီးတီးမှာ ဆက်ကစားနိုင်သေးတယ်ဆိုတာ သက်သေပြနိုင်ခဲ့တာပါ။ အခုအချိန်မှာ အနာဂတ်အတွက် မတွေးတတ်သေးပါဘူး။ မန်စီးတီးကနေ ကျွန်တော် ထွက်ခွာမယ့်အတွက် အသင်းဖော်တွေ ဝမ်းနည်းနေကြပါတယ်"လို့ ပြောပါတယ်။ တစ်ပတ် ပေါင် လေးသိန်းပေးရတဲ့ ဒီဘရိုင်းနားကို စာချုပ်သက်တမ်းမတိုးဖို့ ဆုံးဖြတ်ခဲ့တာက မန်စီးတီးနည်းပြ ဂွါဒီယိုလာနဲ့ နည်းစနစ်ဒါရိုက်တာ ဘီဂီရီစတိန်းတို့ဖြစ်ပါတယ်။ မန်စီးတီးမှာ ဒီဘရိုင်းနား ဆက်ကစားဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။
ပရီးမီးယားလိဂ်မှာ ဆက်ကစားမလား
ဒီဘရိုင်းနားရဲ့အကြီးမားဆုံးဆန္ဒက ပရီးမီးယားလိဂ်မှာ ဆက်ကစားချင်တာပါပဲ။ ဗီလာအသင်းက ဒီဘရိုင်းနားကို ပထမဆုံးချဉ်းကပ်တဲ့ ပရီးမီးယားလိဂ်အသင်းဖြစ်ပြီး လီဗာပူးလ်ကလည်း စိတ်ဝင်စားနေပါတယ်။ ဒီဘရိုင်းနားက သူ့မိသားစုနဲ့ သူ့ရဲ့ကစားသမားဘဝအတွက် ပရီးမီးယားလိဂ်က အသင့်တော်ဆုံးဆိုပြီး ယုံကြည်ထားပါတယ်။ အသင်းစွဲမရှိတဲ့ ပရိသတ်တွေက ဒီဘရိုင်းနားကို ပရီးမီးယားလိဂ်မှာ ဆက်မြင်ချင်နေပါတယ်။
အနားယူမလား
ဒီဘရိုင်းနားရဲ့အသက်က အခုမှ (၃၃) နှစ်ပဲ ရှိပါသေးတယ်။ တကယ်တမ်းကစားမယ်ဆိုရင် နောက်ထပ်သုံးနှစ်လောက် ကစားနိုင်ပါသေးတယ်။ ဒီဘရိုင်းနားက ဒဏ်ရာတွေနဲ့ ယဉ်ပါးနေပေမဲ့ သူ့ရဲ့ကစားပုံအရ အင်အားချွေတာပြီး ကစားရင်အေးဆေးပါ။ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားကိုဘယ်လ်ဂျီယံအသင်းနဲ့အတူ ဆင်နွှဲချင်နေတဲ့ ဒီဘရိုင်းနားက ဖိအားသိပ်မရှိဘဲ ပုံမှန်ကစားခွင့်ရမယ့် အသင်းတစ်သင်းမှာ သူ့ရဲ့ကြံ့ခိုင်မှုနဲ့ ခြေစွမ်းကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်ပါလိမ့်မယ်။















