ဖျာပုံတွင် နှစ်လကျော်ကြာ ပျောက်ဆုံးနေသည့် လူငယ်အမျိုးသမီးတစ်ဦးအား သေဆုံးလျက် ပြန်လည်တွေ့ရှိကြောင်း ဖျာပုံမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပြန့်နေသော သတင်းတွေအတိုင်း ကျုံတာကျေးရွာက ကောင်မလေးကို သေဆုံးလျက် ပြန်တွေ့ခြင်းဖြစ်ကြောင်း၊ မိသားစုမှလည်း အတည်ပြုထားကြောင်း ၎င်းက ပြောကြားသည်။
“ပြန်တွေ့တဲ့ Dead Body က ဖျာပုံမြို့နယ် ကျုံတာကျေးရွာက ပျောက်သွားတဲ့သူ မှန်ပါတယ်ဗျ။ အလောင်းက နှစ်လလောက်ရှိသွားတဲ့ အနေအထားပါ။ မျက်နှာတော့ ပျက်နေပေမယ့် လက်မှာဝတ်ထားတဲ့ ပလက်တီနမ်ကြိုးလေးရပါတယ်။ အဲဒီကြိုးလေးနဲ့ ပျောက်သွားတဲ့သူဆိုတာ မိသားစုက အတည်ပြုတာပါ” ဟု ၎င်းက ပြောကြားသည်။
အဆိုပါမိန်းကလေးသည် ဖျာပုံမြို့နယ် ကျုံတာကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ဖေဖော်ဝါရီ ၂၁ ရက်တွင် နေအိမ်မှ ဆိုင်ကယ်ဖြင့် ထွက်သွားပြီးနောက် အိမ်သို့ ပြန်မလာဘဲ ပျောက်ဆုံးနေခြင်းဖြစ်သည်။
ထိုသို့ပျောက်ဆုံးပြီးနောက် နှစ်လကျော်ကြာတွင် ဖျာပုံ-ဘိုကလေးကားလမ်းဘေး၌ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။















