မန္တလေးမြို့တွင် ညီအစ်ကိုချင်းငွေပေးပြီး လူသတ်ရန် စေခိုင်းသူများနှင့် ကျူးလွန်သူများကို ဖမ်းဆီးရမိထားကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ သတင်းရရှိသည်။
ပုသိမ်ကြီးမြို့နယ် ၊ဂွေ့ကြီးကုန်းကျေးရွာ ၊သိပ္ပံလမ်းသစ်ဘေးရှိ လယ်ကွက်ကြားမြောင်းရိုးအတွင်း၌ အမျိုးသားတစ်ဦးအား ခန္ဓာကိုယ်အနှံ့ ထိုးသွင်းဒဏ်ရာများဖြင့်သေဆုံးနေသည်ကို ဧပြီ ၄ ရက်နေ့တွင် တွေ့ရှိခဲ့ရသဖြင့် တာဝန်ရှိသူများက သေဆုံးသူအား သိရှိနိုင်ရန်စုံစမ်းခြင်းနှင့်ကျူးလွန်သူများကို ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ ချမ်းမြသာစည်မြို့နယ် ၊အောင်သာယာ ရပ်ကွက်တွင်နေထိုင်သည့် စန်းမင်းသိန်းဆိုသူဖြစ်ပြီး မွေးချင်းညီအစ်ကိုနှစ်ဦးအနက် အငယ်ဖြစ်ကာ အဖွားဖြစ်သူနှင့်နေထိုင်ကြောင်း ၊လွန်ခဲ့သောသုံးလခန့်က စကားများပြီး အစ်ကိုဖြစ်သူအား နေအိမ်မှ နှင်ချခဲ့ကြောင်း စသည်တို့ကို စုံစမ်းသိရသဖြင့် အစ်ကိုဖြစ်သူ လှိုင်မင်းဟန်အား ခေါ်ယူစစ်ဆေးခဲ့သည်။
စစ်ဆေးခဲ့ရာ အစ်ကိုဖြစ်သူ လှိုင်မင်းဟန်သည် ညီဖြစ်သူမှ အိမ်ကနှင်ချခဲ့သည်ကိုမကျေနပ်ခြင်း ၊မိဘနှစ်ပါးစလုံးမှာလည်း ကွယ်လွန်သွားပြီဖြစ်၍ အမွေမရမည်ကိုစိုးရိမ်သဖြင့် ညီဖြစ်သူအား ငွေကျပ်သိန်းတစ်ရာဖြင့် သတ်ပေးရန် လူသုံးဦးအား စေခိုင်းခဲ့သည်ကို စစ်ဆေးပေါ်ပေါက်ခဲ့သည်။
လှိုင်မင်းဟန်သည် ညီဖြစ်သူအား သရက်သီးခူးသွားမည်ဟုပြောကာ ဂွေ့ကြီးကုန်းကျေးရွာရှိ သရက်ခြံသို့ ဆိုင်ကယ်ဖြင့်ခေါ်လာပြီး စေခိုင်းထားသည့် လူသုံးဦးနှင့်အတူထားခဲ့ကာ ပြန်လည်ထွက်သွားခဲ့ချိန်တွင် ၎င်းတို့မှ လူသတ်မှု ကျူးလွန်ခဲ့ကြခြင်းဖြစ်သည်ဟု ပေါ်ပေါက်ခဲ့သဖြင့် ကျူးလွန်သူများကို အမှုဖွင့်အရေးယူ တရားစွဲဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။















