ပရော်ဖက်ရှင်နယ်ဒိုင်လူကြီးများအဖွဲ့ (PGMOL) က လီဗာပူးလ်နှင့် အဲဗာတန်တို့ ယှဉ်ပြိုင်ကစားခဲ့သည့် မာဆေးဆိုက်ဒါဘီပွဲတွင် အဲဗာတန်နောက်ခံကစားသမား တာကောစကီးအနေဖြင့် အနီကတ်ပြထုတ်ပယ်ခံရသင့်သည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။
ဧပြီလ (၂) ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် လီဗာပူးလ် (၁-၀) အဲဗာတန်ပွဲ၌ အဲဗာတန်နောက်ခံကစားသမားတာကောစကီးသည် ပွဲချိန် (၁၁)မိနစ်တွင် လီဗာပူးလ်ကွင်းလယ်ကစားသမား မက်အယ်လစ္စတာကို ကြမ်းတမ်းစွာဖျက်ထုတ်ခဲ့သော်လည်း အဝါကတ်သာ ပြသခြင်းခံခဲ့ရသည်။
ယခုအခါ ပရော်ဖက်ရှင်နယ်ဒိုင်လူကြီးများအဖွဲ့ (PGMOL)က လီဗာပူးလ်ကွင်းလယ်ကစားသမား မက်အယ်လစ္စတာအပေါ် အဲဗာတန်နောက်ခံကစားသမား တာကောစကီး၏ ဖျက်ထုတ်မှုမှာ ပြင်းထန်သည့် ပြစ်ဒဏ်ကျူးလွန်မှုဖြစ်သည့်အတွက် အနီကတ်ဖြစ်သင့်သည်ဟု သုံးသပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါပွဲစဉ်တွင် တာစကောစကီးအား အနီကတ်မပြခဲ့သည့်အတွက် ဘာရော့စ်မှာ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ဂယ်ရီနဗီးလ်၊ ကာရေဂါအပါအဝင် ဘောလုံးဝေဖန်သူများက တာစကောစကီး၏ဖျက်ထုတ်မှုကြောင့် မက်အယ်လစ္စတာ၏ ခြေထောက်ကျိုးသွားနိုင်ပြီး သေချာပေါက် အနီကတ်ပြသခံခဲ့ရသင့်ကြောင်း ပြောဆိုခဲ့ကြသည်။
လီဗာပူးလ်နည်းပြ အာနယ်ဆလော့ကမူ အခြားလူများစွာ မှတ်ချက်ပေးပြီးဖြစ်၍ မိမိ မှတ်ချက်မပေးလိုတော့ဟု ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် အဆိုပါပွဲစဉ်တွင် အနိုင်ရခဲ့ခြင်းကြောင့် ပရီးမီးယားလိဂ်ပွဲစဉ် (၃၀) အပြီးတွင် ရမှတ် (၇၃) ရရှိခဲ့ပြီး အဆင့် (၂) နေရာမှ အာဆင်နယ်အသင်း (၆၁ မှတ်)ကို (၁၂) မှတ်ထိ ပြန်ဖြတ်နိုင်ခဲ့သည်။















